အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တဲ့နေရာတွေကို စုံစမ်းရေးကော် မတီ သွားရောက်လေ့လာ
2016.10.25

ဓါတ်ပုံ: ဆရာတော် အရှင်သာဂရ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကို လေ့လာစုံစမ်းဖို့အတွက် မနေ့က ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်တဲ့ လေ့လာ စုံစမ်းရေးကော်မတီဟာ ဒီနေ့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။
ကော်မတီအနေနဲ့ ဘူးသီးတောင်မြို့နယ်က ကျေးရွာနှစ်ခုကို သွားရောက်စုံစမ်းမှုတွေ လုပ်နေတယ်လို့ ကော်မ တီခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
"အခုရွာမရွာကိုရောက်နေတယ်၊ သူတို့သွားတာ ဘာရည်ရွယ်ချက်လဲဆိုတော့ စိတ်ခံစားမှုနဲ့ စိုးရိမ် တာတွေ ဘယ်လိုဖြစ်နေပြီလဲ၊ သူတို့ရဲ့လုံခြုံရေးအနေအထားတွေဘယ်လိုရှိလဲ၊ ရွာသူရွာသားတွေရဲ့ ဆန္ဒက ဘယ်လိုဖြစ်နေပြီလဲ၊ အဲ့ဒါတွေကို ကျနော်တို့က သူတို့ကိုအားပေးစကားပြောရင်း ကျနော်တို့ သွားတာပါ"
အဲဒီကော်မတီအနေနဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်း၊ ရည်ရွယ်ချက်နဲ့ နောက်ခံအကြောင်းအရာတွေ၊ လက်ရှိလုံခြုံရေးအနေအထားနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးအခြေအနေတွေကို နှစ်ပတ်အတွင်း လေ့လာစုံစမ်းသွားမှာဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို လွှတ်တော်ဥက္ကဌထံ တင်ပြရမှာဖြစ်ပါတယ်။
ကော်မတီရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရကို တိုက်တွန်းတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး လိုအပ် ရင် အရေးပေါ်လွှတ်တော်အစည်းအဝေးခေါ်ယူ ဆွေးနွေးသွားမယ်လို့လည်း ကော်မတီခေါင်းဆောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောနဲ့ ရသေ့တောင်မြို့နယ်နှစ်ခုအပြင် အဲဒီမြို့နယ်တွေနဲ့ဆက်စပ်နေတဲ့ ဘူးသီးတောင်မြို့နယ်က အခြေအနေတွေကိုပါ ကော်မရှင်က လေ့လာစုံစမ်းမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဘူးသီးတောင်မြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလှူငွေကျပ် သိန်း ၂၀ ကို ဒီနေ့ လှူဒါန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။