ပုဏ္ဏားကျွန်းမှာ ကုန်ကားသုံးစီး မီးရှို့ခံရမှု တပ်မတော်စုံစမ်းနေ


2019.08.30
yoetayoke-622.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ အဝင်လမ်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီးမှာ ကုန်တင်ယာဉ် သုံးစီးကို AA အဖွဲ့က မနေ့ညက မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်က ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဖြစ်စဉ်ကိုစုံစမ်းနေဆဲ ဖြစ်တာကြောင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့  RFA ကို ပြောပါတယ်။

ဒေသခံတချို့ကတော့ AA အဖွဲ့က ကားပေါ်ပါလာသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခ က - အဲဒီကား သုံးစီးဟာ စစ်တပ်အတွက် ထောက်ပို့ပစ္စည်းတွေ သယ်လာတာဖြစ်ပြီး မသင်္ကာလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာမှာ တပ်မတော်သားတွေက သူတို့ကားကို သူတို့ကိုယ်တိုင်မီးရှို့ပြီး ထွက်ပြေးသွားကြတာလို့ ပြောပါတယ်။

ကားပေါ်ပါလာသူ လေးဦးကို  AA က ဖမ်းဆီးသွားတယ်လို့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ခိုင်သုခက ငြင်းဆိုပါတယ်။

အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့ ဒေသခံအချို့ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာ အဲဒီကုန်တင်ယာဉ်တွေဟာ ကျောက်တော်မြို့နယ် ကန်စောက်တောင်မှာ အခြေစိုက်တဲ့ တပ်မတော်တပ်ရင်းကို ပစ္စည်းတွေပို့ပြီး ပြန်လာရာမှာ မီးရှို့ခံရတာဖြစ်တယ်လို့ ပြောကြပါတယ်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့  တပ်မတော်က အရပ်သားကားတွေကို ခိုးကြောင်ခိုးဝှက် အသုံးပြုတာမရှိဘဲ တပ်မတော်ပိုင် ယာဉ်တွေကိုသာ အသုံးပြုလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ပွဲကာလအတွင်း မနေ့ညက ကား သုံးစီးမီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။