ကိုယ်စားလှယ်တွေ အခွင့်ရေးမဆုံးရှုံးဟု လွှတ်တော်ရုံးပြောကြား
2016.07.26

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်တွေကို လွှတ်တော်ဥက္ကဌထံ တင်ပြရမယ်ဆိုတဲ့ ပန်ကြားချက်ဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးဆုံးရှုံးစေဖို့ ဗဟိုဦးစီးစနစ်ဆန်ဖို့ ထုတ်ပြန်ခဲ့တာမဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ ကျင်းပတဲ့ အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေနဲ့ လေ့လာရေးခရီးစဉ်တွေကို တက်ရောက် ဖို့ ဖိတ်ကြားခံရတဲ့အခါ ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြပြီး အတည်ပြုချက်ရယူကြဖို့နဲ့ ဖိတ်ကြား လာတဲ့ အဖွဲ့အစည်းတွေကိုလည်း ပြည်သူ့ လွှတ်တော်ဥက္ကဌထံ လိပ်မူပြီး ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြားဖို့ ဇူလိုင်လ ၂၂ရက်နေ့စွဲနဲ့ လွှတ်တော်ရုံး က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ရဲ့အဆောင်အယောင် နဲ့ လွှတ်တော်အမည်ကို အသုံးပြုပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ကာ လွှတ်တော်ရေးရာကော် မတီဆောင်တွေမှာ တွေ့ဆုံဆွေးနွေးတာတွေ ပြည်ပခရီးစဉ်တွေကို အမည်နာမ တပ်ပြီး ဖိတ်ကြားခိုင်းတာတွေ မပြုဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ ဒီနေ့ သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ရေးရာကော်မတီဆောင်တွေမှာ တွေ့ဆုံတာကို တားမြစ်ပိတ်ပင်တာ မဟုတ်ဘဲ ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ်တွေ ကော်မတီတွေက လွှတ်တော်ဥက္ကဌထံ တင်ပြလာရင် ခွင့်ပြုပေးမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့သဘောနဲ့ မိမိတွေ့ဆုံပြီး သဘောထား မှတ်ချက်ပေးတာ ဆွေးနွေးတာတွေဟာ လွှတ်တော်ရဲ့ သဘောတူညီချက် နဲ့ တွေ့ဆုံဆွေးနွေးတာ မဟုတ်ကြောင်း၊ လွှတ်တော်နဲ့ မသက်ဆိုင်ကြောင်းကို ဆိုလိုတာလို့ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးခန်းမအတွင်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအရာရှိတွေ မဝင်ထွက်ကြဖို့လည်း ဇူလိုင်လ ၂၂ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။