နိုင်ငံတကာသံတမန်တွေ စစ်ကောင်စီနဲ့ မတွေ့ဆုံဖို့ ပျဉ်းမနားတော်လှန်ရေးတပ် သတိပေး
2021.12.23
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုပြီး နေပြည်တော်မှာ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံနေကြတဲ့ နိုင်ငံတကာသံတမန်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ပျဉ်းမနားတော်လှန်ရေး တပ်မတော် PRA အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတကာသံတမန်တွေကို သတိပေးရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး PRA ပြန်ကြားရေးတာဝန်ခံ ကိုအေးချမ်း က ကျင့်ဝတ်မရှိတဲ့ စစ်ကောင်စီက သံတမန်တွေကို ဗုံးဖောက်ခွဲလုပ်ကြံတဲ့အပြင် တော်လှန်ရေး အဖွဲ့အစည်း တွေအပေါ် အပြစ်ပုံချပြီး တိုင်းပြည်ကို ဖျက်နေတဲ့ပုံစံမျိုးတွေ လုပ်လာနိုင်တဲ့အတွက် အခုလိုထုတ်ပြန် လိုက်တာလို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံတဲ့ သံတမန်တွေ၊အဖွဲ့အစည်းတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်မှာ မဟုတ်ဘဲ ဖြစ်လာတဲ့ အကျိုးဆက်ဟာ ပျဉ်းမနားတော်လှန်ရေးတပ်မတော် PRA နဲ့ လုံးဝသက်ဆိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့အတွက် စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိ အမှတ်ပြုပြီး နိုင်ငံတကာသံတမန်တွေ နေပြည်တော်မှာ လာရောက်တွေ့ဆုံနေတာကို ပြင်းထန်စွာရှုတ်ချ ကြောင်း PRA က သတင်း ထုတ်ပြန်ထားတာပါ။
ဒီထုတ်ပြန်ချက်ဟာလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ သက်ဆိုင်မှုမရှိကြောင်းနဲ့ ပျဉ်းမနား တော်လှန်ရေး တပ်မတော် PRA ဟာ လက်ရှိနေပြည်တော်တဝိုက်လှုပ်ရှားနေတဲ့ မြေအောက်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေကြောင်း ပြောပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းယူခဲ့တာဟာ ဒီမိုကရေစီ စံနှုန်းကို ချိုးဖောက်လိုက်တာဖြစ်ကြောင်း ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေ မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကျူးလွန်နေတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။