ပြည်မြို့က ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်း အဖမ်းခံရ
ပဲခူးတိုင်း ပြည်မြို့မှာ အသက်မပြည့်သေးတဲ့ ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်း ကို ဇူလိုင်လ ၁၉ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
ပြည်မြို့ ဆင်စုရပ်ကွက် မင်းကြီးတောင်ခြေက လူငယ်တစ်ဦးနဲ့ ပွင့်လှ သိမ်ကုန်းရပ်ကွက် က လူငယ် သုံးဦးတို့ကို ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီးခဲ့တာလို့ ပြည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောင်းနားထားတဲ့ ခုနစ်တန်းကလေးတွေဆိုတော့ အသက်တွေက ၁၅၊ ၁၆ ဝန်းကျင် တွေပါ။ လေးယောက်ကတော့ သေချာတယ်။ ဖမ်းတာတော့ Kaung For You ကျောင်း တက်လို့ဖမ်းတာလို့ သိရတယ်”
အဲဒီ့ လေးဦးအပြင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီး ထမင်းဆိုင် တစ်ဆိုင်က နောက်ထပ် ခုနစ်တန်းကျောင်းသား လူငယ်တစ်ဦးလည်း အဲဒီ့ညမှာပဲ အဖမ်းခံရတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ခြောက်ရက်အတွင်း Kaung For You ကျောင်း တည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးကို စာရင်းအတိအကျနဲ့ နေအိမ်တွေအထိ ဝင်ရောက် ဖမ်းဆီးခဲ့တာတွေရှိတယ်လို့ မြန်မာ နိုင်ငံဆရာများအဖွဲ့ချုပ်က RFA ကို ပြောဆိုထားပါတယ်။