ပူဂင့်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ပြန်လည်ဖယ်ရှား
2023.02.18
စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ကြေညာခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်ကို အဖွဲ့ဝင်အဖြစ်ကနေ ပြန်လည်ဖယ်ရှားကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပူဂင့်ကမ်းလျန်က သူ့ရဲ့သဘောထားမပါဘဲ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ကြေညာခံခဲ့ ရတဲ့အတွက် သူ့ရဲ့ပါတီကို ထိခိုက်မှုရှိတယ်လို့ သတင်းမီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် နှစ်ပတ်ကျော်အကြာမှာတော့ စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပူဂင့်ကမ်းလျန်ရဲ့နေရာကို ဒေါက်တာမှုထန်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။
ပူဂင့်ကမ်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းမှု နှစ်နှစ်ပြည့်သွားပေမယ့် ကာလုံအစည်းအဝေးကနေ နောက်ထပ်ခြောက်လ သက်တမ်းတိုးပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီအဖွဲ့ဝင် တွေကို ပြောင်းလဲခန့်အပ်တာတွေ လုပ်ခဲ့တာပါ။
ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်နဲ့ ဒေါ်အေးနုစိန်တို့ အပါအဝင် ယခင် စစ်ကောင်စီအဖွဲ့ဝင် တချို့ကို အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။