ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်နေအိမ် မီးရှို့ခံရ

2021.11.02
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်နေအိမ် မီးရှို့ခံရ ၂၀၂၁ နိုဝင်ဘာလ ၁ ရက်နေ့ညက မီးရှို့ခံရတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုဝေယံဦးရဲ့နေအိမ်ကို တွေ့ရစဉ်
Photo: CJ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာမှာရှိတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုဝေယံစိုးရဲ့နေအိမ်ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်အစောပိုင်း ၁ နာရီခန့်လောက်က စစ်ကောင်စီ တပ်သားတွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ ညဦးပိုင်းမှာ ကိုဝေယံဦးရဲ့နေအိမ်နဲ့ အဒေါ်ဖြစ်သူနေအိမ်ကို ဝင်ရောက်ရှာဖွေ ပြီးနောက် မီးလာရှို့မယ့်အကြောင်းပြောခဲ့ပြီး ညနက်ပိုင်းရောက်ချိန်မှာ အင်အား ၂၀ လောက်နဲ့ မီးပြန်လာရှို့သွားတာလို့ ဆိုပါတယ်။

မနေ့ည ၈ နာရီခန့်မှာလည်း လောင်းလုံးမြို့နယ် ပြင်းထိန်ရွာမှာရှိတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ကာယကံရှင်ကို မတွေ့တာကြောင့် မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုသန်းကို ဖမ်းသွားတယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက သတင်းထုတ်ပြန်ထား ပါတယ်။

ကိုမင်းလွင်ဦးဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက ပြင်းထိန်ရွာမှာမနေတော့ဘဲ ဇနီး၊ သားတို့နဲ့အတူ ထားဝယ်မြို့ပေါ်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့တာလို့ သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သပိတ်ကော်မတီဝင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းချိန် အိမ်ထဲက အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးပြီး မော်တော်ဆိုင်ကယ်နှစ်စီးကိုပါ ယူဆောင်သွားတယ်လို့ သပိတ်မကော်မတီက ထုတ်ပြန် ထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။