ကုလနဲ့ နိုင်ငံတကာ NGO တချို့ လုပ်ရပ် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ် မကျေနပ်တဲ့ ရခိုင်တိုင်းရင်းသား အယောက် (၁၀၀) ကျော်ဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အနီးမှာ ဒီကနေ့ မနက်ပိုင်းက အာဏာပိုင်တွေထံက တရားဝင် ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

2012.08.19
un-ingo-protest-b305 ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ချို့၏ လုပ်ရပ်များအပေါ် ရခိုင်တိုင်းရင်းသားများက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကန့်ကွက် ဆန္ဒပြနေကြစဉ်။
RFA

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးက RFA ကို အခုလို ပြောပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်တဲ့သူက တဦး အချိုးဖောက်ခံရသူက တဦးဆိုရင် အဲဒီ ချိုးဖောက်တဲ့သူ ဘယ်သူလဲဆိုတာကို နိုင်ငံတကာက တိတိကျကျ သိအောင် လုပ်ပေးရမယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖော်ထုတ်ရမယ်။ ကျွန်တော်တို့ကို ချိုးဖောက်ပါတယ်ဆိုပြီးတော့ စွပ်စွဲတာ နိုင်ငံတကာက သြဇာသုံးပြီးတော့ လုပ်တာ၊ ဒီအပေါ်မှာ ကျွန်တော်တို့ လုံးဝကန့်ကွက် ဆန္ဒပြပါတယ်။"

ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံတော် အလံနဲ့ရခိုင်အလံတွေကို ကိုင်ဆောင်ပြီး၊"ယူအင်နဲ့ အိုင်အင်ဂျီအိုများ ရခိုင်ပြည်သူတွေကို ခွဲခြား ဆက်ဆံခြင်း ရပ်" စာတမ်းပါ တီရှပ်အကျီၤဖြူတွေကို ဝတ်ဆင်ပြီး နာရီဝက်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရခိုင်တိုင်းရင်းသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုအပေါ် ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက လေးစား အသိအမှတ်ပြုစေလိုကြောင်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်  ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

"ဒီလိုမျိုး ဆန္ဒဖော်ထုတ်တာကို သူတို့က လက်ခံမပေးဘူဆိုလို့ရှိရင် ယူအင်န်ကိုယ်တိုင်က human rights ကို မလေးစားတာလို့ ကိုယ်တို့ မြင်တယ်။ နောက်တခုက ကင်တားနားလာတဲ့အချိန်မှာ ကိုယ်တို့ဘက်က ပါတီတွေ ရှိတယ်။ activist တွေရှိတယ်။ အဲဒီလူတွေကို ဘယ်သူမှ သူတို့ မတွေ့သွားဘူး။ တဘက်ထဲကိုပဲ တွေ့သွားတယ်။ ဒါလည်း တရားမမျှတဘူးလို့ မြင်တယ်။ ရခိုင်ပြည်မှာ ရခိုင်တွေကို ခွဲခြားဆက်ဆံနေတာကို UN နဲ့ INGO အဖွဲ့အစည်းတွေက ရပ်ပေးဖို့ တောင်းဆိုပါတယ်။"

ဒီ ဆန္ဒပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နဲ့ တကွ ရခိုင်နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ် အရေး စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။