အာဏာသိမ်းနှစ်ပတ်လည်နေ့ မြို့နယ်အချို့မှာဆန္ဒပြ

2022.01.31
အာဏာသိမ်းနှစ်ပတ်လည်နေ့ မြို့နယ်အချို့မှာဆန္ဒပြ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ပြည်သူအချို့ ပူးပေါင်းပြီး ၂၀၂၂၊ ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့ မနက် ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြကြစဉ်
ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတစ်နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ရန်ကုန်၊ မန္တလေးအပါအဝင် ယင်းမာပင်၊ ကလေး စတဲ့မြို့နယ်တွေမှာ ဒီနေ့မနက် အစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာဆိုရင် ဗကသ ကျောင်းသားအဖွဲ့တွေ၊ လူငယ်တွေပြုလုပ်ခဲ့ကြသလို မန္တလေး မှာလည်း သံဃာတော်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာပါ။

စစ်အာဏာသိမ်းချိန်ကပင် နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေ ပြုလုပ်လာခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း ၃၅၉ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။

စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့အဖြစ် နိုင်ငံတစ်ဝန်းမှာ အသံတိတ်သပိတ်ကို ဒီနေ့မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ဖို့ ပြည်သူတွေက ပြင်ဆင်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ စျေးဆိုင်တွေပိတ်ပြီး အသံတိတ်သပိတ်မှာပါရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားသလို ဒီနေ့ စစ်တပ်ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ လည်း ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကပင် အခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ ၁၅၀၃ ဦးနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၈၈၃၅ ဦးရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။