သစ်တောကြိုးဝိုင်းမှ သစ်ပင်များ ပုဂ္ဂလိက ကုမ္ပဏီက အပြောင်ရှင်း
2016.06.20
စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ်နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ဟင်္သာ သစ်တောကြိုးဝိုင်းက သစ်တွေကို ယူကလစ်ပင်စိုက်ဖို့ဆိုပြီး ကျော်သာကုမ္ပဏီက အပြောင်ရှင်းစနစ်နဲ့ ခုတ်ထွင်ရှင်းလင်းနေပါတယ်။
ဒီအကြောင်းကို သစ်တောတွေ ခုတ်ထွင်နေတာသွားကြည့်ပြီး ဒီနေ့ပဲ ပြန်ရောက်လာတဲ့ ထီးချိုင့်မြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးသန်းဝင်းစန်းက ပြောပြပါတယ်။
"ဟင်္သာကြိုးဝိုင်း ဆိုတာက မဘိမ်းအစပ်နားမှာဗျ၊ လေးထောင့်စပ်စပ်ကျတဲ့ ကြိုးဝိုင်းက မြန်မာပြည်မှာ မရှိဘူးလေ၊ ကျော်သာကုမ္ပဏီက အပြောင်ရှင်းတာဗျ၊ ယူကလစ်စိုက်မှာတဲ့၊ သစ်တောဦးစီးကိုမေးတော့ သစ်တောဦးစီးက တရားဝင်ကျထားတာတဲ့"
သစ်ကွင်းအမှတ် ၂၇ ၊ ၂၉ နဲ့ ၃၇ မှာရှိတဲ့ သစ်မာပင်တွေကို ခုတ်ထွင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လေးထောင့်စပ်စပ်ကျတဲ့ သစ်တောကြိုးဝိုင်းက ရှားပါးပြီး ကသာခရိုင်မှာ နှစ်ဝိုင်းပဲ ရှိတယ်လို့ ပြောပါတယ်။
ဒီလို သစ်တွေ ခုတ်နေတာကို ကွင်းဆင်းကြည့်ရှုသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။
"အချက်အလက်တွေကို ကျနော်တို့သွားကောက်မယ်၊ သွားကောက်ပြီးရင် လက်ရှိအစိုးရရဲ့ မူဝါဒတွေနဲ့ ကိုက်ညီ မကိုက်ညီ၊ နောက်တခါ ပြည်သူကို အမှန်တကယ် အကျိုးပြု မပြု၊ နောက်သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လောက်ထိခိုက်သွားသလဲ ဆိုတာကို ကြည့်ပြီးတော့မှ ပြည်ထောင်စုကို အကြောင်းကြားစာပို့ရမှာပေါ့၊ ဒါမျိုးလုပ်ရမှာ"
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် စက်မှုကုန်ကြမ်းသီးနှံစိုက်ပျိုးဖို့ ဦးသိန်းစိန် အစိုးရလက်ထက်က ရရှိထားတဲ့ ခွင့်ပြုချက်နဲ့ အခုလို သစ်ပင်တွေကို ခုတ်ထွင်နေတာလို့ သိရပါတယ်။