ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုနဲ့ ထောင်တွင်း အခြေအနေ ဆိုးဝါးမှုတွေကြောင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရကြဘူးလို့ သိရပါတယ်။

2010.12.19

အခုလ ၁၇ ရက်နေ့က ကလေးမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဦးရောဘတ်ဆန်းအောင်က သူကိုယ်တိုင် လည်ပင်း အရိုးကျီးပေါင်းတက် ရောဂါ ထောင်ထဲမှာ ခံစားခဲ့ရပေမယ့် ဆေးပတ်လည်အောင် ကုသခွင့် မရခဲ့ဘူးလို့ အာအက်ဖ်အေကို ပြောပါတယ်။

“ကျနော်တို့တတွေ ဆေး လုံလောက်အောင် မရဘူး။ အရင်တုန်းက ဆိုရင် တပတ်ကို သုံးကြိမ် ကျနော်တို့ဆီကို လာတယ်။ အခုဆိုရင် ကြုံမှ၊ အားမ ှဆိုတဲ့သဘောမျိုး ဖြစ်နေတယ်။ ကျနော်ဆိုရင် မိုရီယာမင်း ၁၀ လုံး ပြည့်အောင်ထိုးဖို့အတွက် ဇက်ကြော ကျည်းပေါင်းတက်တာရယ်၊ ခါးနာတဲ့ ဝေဒနာကြောင့် ၁၀ လုံး ပြည့်အောင် ထိုးရမယ်လို့ အရင် ထောင်ဆရာဝန် ဦးတိုးအောင်က ညွန်သွားတဲ့ ဆေးကို အခုဆရာဝန်က ဒီလ ၁၂ လပိုင်း ၁၀ လုံးမြောက်မှာ ထိုးမပေးတော့ဘူး။ အကျဉ်းသားတွေကို ပေးတဲ့ဆေးတွေကို လျှော့လာတယ်

အရင်က ရှေ့နေတဦး ဖြစ်ခဲ့တဲ့ ဦးရောဘတ်ဆန်းအောင်ဟာ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို သွားရောက်စဉ်မှာ ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

ဦးရောဘတ်ဆန်းအောင်ဟာ တက္ကသိုလ်ကျောင်းသားဘ၀ က ဦးသန့်ဈာပန နိုင်ငံရေးလှုပ်ရှားမှု၊ ၁၉၇၅ ခုနှစ် ဇွန်လ ကုန်ဈေးနှုန်း ကျဆင်းရေး ၊ ၁၉၇၆ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နိုင်ငံရေးလှုပ်ရှားမှု တွေမှာလည်း ပါဝင်ခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချမှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ၁၉၉၇ ခုနှစ်ကလည်း နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံ ခဲ့ရဖူးပါတယ်။

ကလေးမြို့ အကျဉ်းထောင်က ထောင်တွင်း အခြေအနေတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖိနှိပ်ခံနေရတဲ့ အကြောင်းတွေကို ဦးရောဘတ်ဆန်းအောင်နဲ့ ဆက်သွယ်မေးမြန်းပြီး ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။