ရန်ကုန် မန္တလေးနဲ့ ပြည်အကျဉ်းထောင်တွေမှာ ဆူပူမှုဖြစ်ခဲ့ကြောင်း ထောင်နဲ့ နီးစပ်သူတွေပြော

2022.07.26
ရန်ကုန် မန္တလေးနဲ့ ပြည်အကျဉ်းထောင်တွေမှာ ဆူပူမှုဖြစ်ခဲ့ကြောင်း ထောင်နဲ့ နီးစပ်သူတွေပြော အင်းစိန်ထောင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက် ဇူလိုင်လ ၂၅ ရက် မနေ့ကထွက်ပေါ် လာပြီး အဲဒီနေ့မှာပဲ ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နဲ့ ပြည် အကျဉ်းထောင်တို့မှာ ဆူပူမှုတွေ ဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ် စီရင်ပြီးကြောင်း စစ်ကောင်စီဘက်က မနေ့မှာပဲ ထုတ်ပြန်လာတာပါ။
 
ပြည်မြို့အကျဉ်းထောင်မှာတော့ အကျဉ်းသားတွေ ရုံးထုတ်စစ်ဆေးနေချိန်မှာ ဆူပူမှုဖြစ်ခဲ့ တာကြောင့် ရုံးထုတ်စစ်ဆေးတာကို ရပ်နားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သေဒဏ်ကွပ်မျက်မှုအပေါ် ဆန့်ကျင်တာကြောင့် ထောင်တွေမှာ ဆူပူခဲ့တာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
 
“ရန်ကုန် အင်းစိန်ကတော့ အကြမ်းတမ်းဆုံးပဲ။ အင်းစိန်မှာက ဝန်ထမ်းတွေ ပြဿနာဖြစ် နေတယ်။ မန္တလေး အိုးဘိုမှာကလည်း ဆန္ဒပြကြတယ်။ သေနတ်ပစ်ဖောက်တယ်။ ပြည် ထောင်လည်း ကြားရတယ်။ ဒါတွေက ဖြစ်မှာပဲ။ ထောင်ထဲမှာလည်း ပြင်းထန်လာမယ်။ အပြင်မှာလည်း ပိုပြင်းထန်လာမယ်။ စစ်ကောင်စီက ပြည်သူတွေကို စစ်ကြေညာလိုက်တာပဲ”
 
ထောင်တွင်း ဆန္ဒပြခဲ့သူတွေရဲ့ လက်ရှိအခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ဘားအံထောင်ကနေ သာယာ၀တီထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ဘားအံတက္ကသိုလ်ကျောင်းသားလေးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ဟာ အကျဉ်းထောင်ထဲမှာ နေ့စဉ်နီးပါး ရိုက်နှက်ခံနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒီသတင်းတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ရန်ကုန် အကျဉ်းဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ရုံးထုတ်ချိန်မှာ ထွက်ပြေးသွားတာကြောင့် အင်းစိန်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ အရေးယူခံနေရသလို အကျဉ်းထောင်ဝန်ထမ်းတွေလည်း အပြင်ထွက်ခွင့်မရအောင် တင်းကျပ်ထားတယ်လို့ သိရကြောင်းလည်း ဦးထွန်းကြည်က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။