ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်း အပေါ် ဆွေးနွေး
2013.03.09
စာနယ်ဇင်းမီဒီယာတွေ ကန့်ကွက်နေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြင်ဆင်နိုင်ဖို့အတွက် ဒီကနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၈ မိုင်မှာရှိတဲ့ ဟိုတယ် ရန်ကုန်မှာ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်တွေနဲ့ သတင်းမီဒီယာက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
လာမယ့်မတ်လ ၁၈ ရက်နေ့ လွှတ်တော်မှာ ဆွေးနွေးမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းမှာ သတင်းမီဒီယာသမားတွေရဲ့ ပြင်ဆင်ချင်တဲ့ အချက်တွေကို အဓိကထား တင်ပြဆွေးနွေးသွားမယ်လို့ ကော်မတီ ဥက္ကဌ သူရဦးအေးမြင့်က ဒီကနေ့ တွေ့ဆုံပွဲမှာ ကတိပေးခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပါတယ်။ အဲဒီဥပဒေမူကြမ်းဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ အချက်တွေပါတယ်ဆိုပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေက ထောက်ပြဝေဖန်နေကြပါတယ်။
တစ်ချိန်တည်းမှာလည်း လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ မီဒီယာတွေ စုပေါင်းပြီး ဆွေးနွေးအဖြေရှာမယ်လို့ သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ မီဒီယာအဖွဲ့တွေက တာဝန်ရှိသူတွေရဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းအပေါ်အမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။