အမျိုးသား သတင်းဆု ကော်မတီ ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း သတင်းစာ လောက ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုဖို့ နဲ့ ထူးချွန်တဲ့ သတင်းသမားတွေကို ထိုက်ထိုက်တန်တန် အားပေး ဂုဏ်ပြုနိုင်ဖို့ အမျိုးသား သတင်းဆု ကော်မတီ National Press Award ကော်မတီတရပ်ကို မြန်မာ ပုဂ္ဂလိက စာနယ်ဇင်းဆရာတွေက ဦးဆောင် စည်းဝေးပြီး ဒီကနေ့ မှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

2011.08.18
journals-newspaper-shop1-305 ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်းကျင်းထားသည့် မြင်ကွင်း။
Photo: RFA

ဒီကော်မတီကို မြန်မာစာပေနဲ့ စာနယ်ဇင်းအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာစာနယ်ဇင်း ဆရာတွေက ဦးဆောင်မယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ကနေ နှစ်စဉ် သတင်း အခြေခံတဲ့ အကောင်းဆုံးဆုတွေ ချီးမြင့်သွားမယ်လို့ ကော်မတီ ဥက္ကဌ ဖြစ်တဲ့ ပြည်သူ့ခေတ် ဂျာနယ်က ဆရာမောင်ဝံသက ပြောပါတယ်။

"အကောင်းဆုံး သတင်းလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ သတင်းဆုနဲ့ထိုက်တန်တဲ့ သတင်းမျိုးတွေ့ရင်တော့ ဆုချီးမြှင့်မှာပါဘဲ။ မရှိဘူးဆိုရင်တော့ အဲဒီ ဆုအမျိုးအစား တခုကတော့ ပယ်လိုက်ရမှာပေါ့။ နောက် သတင်းဆောင်းပါးဆု ဆိုရင်လည်း အလားတူပါဘဲ။ တိုင်းပြည်မှာ တကယ်တန်း အရေးကြီးနေတဲ့ အကြောင်းအရာတွေကို ဝေဖန်မယ် ထောက်ပြမယ်၊ တကယ် အပြုသဘောနဲ့ ဝေဖန်ထောက်ပြမယ်ဆိုရင် အဲဒီလို သတင်းမျိုးတွေကို ကျနော်တို့ ဆုပေးဖို့ ရှိပါတယ်။"

ကော်မတီနာယက အဖြစ် ဆရာမောင်မိုးသူ၊ ဆရာ ဖိုးသောကြာနဲ့ ဆရာ လယ်တွင်းသား စောချစ်တို့ ပါဝင်ပြီး ဥက္ကဌ အဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဒုဥက္ကဌအဖြစ် ဦးကိုကိုကြီး (ကြေးမုံ)၊ အတွင်းရေးမှူး ဦးဝင်းငြိမ်းတို့ ဖြစ်ပြီး အတွင်းရေးမှူးတွေ အဖြစ် ဆရာ ဦးကိုကို စက်မှုတက္ကသိုလ်၊ ဦးကျော်မင်းဆွေတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ မြန်မာအစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က ကမကထ ပြုတာဖြစ်ပေမယ့် လွတ်လပ်စွာ ရွေးခြယ် ဆုံးဖြတ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး သီးသန့် ပညာရှင်တွေ ပါဝင်မယ့် ဆုရွေးခြယ်ရေး အဖွဲ့ကို ထပ်မံ ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း ကော်မတီ ဥက္ကဌ ဖြစ်သူ ဆရာ မောင်ဝံသကို RFA က ကိုကျော်မင်းထွန်း ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။