အုပ်ချုပ်ရေး အားနည်းချက် ထောက်ပြဖို့ လွှတ်တော်ကော်မတီကို သမ္မတ တိုက်တွန်း


2013.10.02
parliament-chair-person-b305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်အစည်း အဝေး တက်ရောက်နေစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနဲ့ တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သဝဏ်လွှာပေးပို့ခဲ့ ပါတယ်။

နိုင်ငံတော်သမ္မတက ပေးပို့တဲ့သဝဏ်လွှာ ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖတ်ကြားတင်ပြခဲ့တာပါ။

"တရားစီရင်ရေးမဏ္ဍိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် လွှတ်တော်အနေဖြင့် တိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ပါသည်၊ ထို့အပြင် ကော်မတီအနေဖြင့် နိုင်ငံသားများ၏ တရားဥပဒေစိုးမိုးရေး တိုးမြှင့်ခံစားစေရန်အတွက် တရားရုံးနှင့် တရားစီရင်ရေးစနစ် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦစီးဌာနအောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ အားနည်းမှုများအပြင် သက်ဆိုင်သော အခြားကဏ္ဍစုံဆိုင်ရာတို့၏ အားနည်းချက်များကို ဖော်ထုတ်ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံထိရောက်မည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်"

ပြီးခဲ့တဲ့ သတ္တမအကြိမ် ပုံမှန်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက တင်သွင်းခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတဆီ သြဂုတ်လ ၁၆ရက်နေ့က ပေးပို့ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ တရားစီရင်ရေးမဏ္ဍိုင် အားနည်းချက်အကြောင်း ဖေါ်ပြထားရာမှာ သမ္မတက အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း ထောက်ပြဖို့ သဝဏ်လွှာပြန်လည်ပေးပို့ပြီး တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အစီရင်ခံစာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းသင့်ကြောင်းကိုလည်း တိုက်တွန်းအကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။