မျိုးစောင့်ဥပဒေ ပြဌာန်းရေး လွှတ်တော်ကို သမ္မတဦးသိန်းစိန် တိုက်တွန်း
2014.02.27
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ရပ် ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ထံ အကြောင်းကြားစာပေးပို့ခဲ့ရာမှာ နာယက ဦးရွှေမန်းက အဲဒီ ဥပဒေ ၄ ရပ် ပြဌာန်းနိုင်ဖို့ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက ဥပဒေမူကြမ်းတွေ အရင်ရေးဆွဲပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ စိစစ်ချက်နဲ့ ပြန်လည်တင်ပြဖို့ အကြောင်းကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ပေးပို့တဲ့စာပါ ဥပဒေ ၄ ရပ်ဟာ အစိုးရဝန်ကြီးဌာနတစ်ချို့နဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ် လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ဒီနေ့ ပြောကြားခဲ့ပါတယ်။
"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ သာသနာရေးဦးစီးဌာန၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပြည်ထောင်စု တရားဥပဒေချုပ်ရုံး၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အထက်ပါဝန်ကြီးဌာနများ အဖွဲ့အစည်းများအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဖွဲ့စည်းထားရှိသော လူ့အခွင့်အရေး ကော်မရှင်တို့နဲ့လည်း ဆက်နွယ်သက်ဆိုင်နိုင်သည်ဟု ယူဆပါတယ်"
အဲ့ဒီ ဥပဒေ ၄ခု အတည်ပြုပေးဖို့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော်က လက်မှတ်ရေးထိုးပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ စာရေးသား တောင်းဆိုခဲ့တာလို့ နိုင်ငံတော်သမ္မတရဲ့ စာထဲမှာပါရှိပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မဖြစ်မနေပြဌာန်းပေးဖို့ နိုင်ငံတော် သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ပေးပို့ခဲ့တာလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကရော၊ ဖြေကြားတဲ့ အစိုးရဝန်ကြီးတွေဘက်ကပါ အပြုသဘောဆောင်ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မနေ့က လွှတ်တော်မှာ သတိပေးပြောကြားခဲ့တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။