ပမာဏများတဲ့ မူးယစ်ထုတ်လုပ်ဖြန့်ဖြူးမှုတွေ သတင်းပေးဖို့ သမ္မတ တိုက်တွန်း


2019.06.26
winmyint-president-jun26-622.jpg နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉၊ ဇွန် ၂၆ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/ RFA

လက်ကြီးသမား လို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် က မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာအခြေအနေကို ဆိုက်ရောက်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က မူးယစ်ဆေးဝါးသတင်းတွေပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

နိုင်ငံတော် သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ စတင်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးအမှုတွေကို သမ္မတက တိုက်ရိုက်ကွပ်ကဲနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန၊ ဒုတိယဌာနမှူး ဒုတိယ ရဲမှူးကြီး ရဲနိုင် က ဖမ်းမိတဲ့ မူးယစ်မှုတွေမှာ အဖမ်းခံရသူတွေဟာ နောက်ကွယ်က လက်ကြီးသမားတွေကို ထုတ်ဖော်ပြောဆိုတာမရှိကြောင်း၊ ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှု အားနည်းကြောင်း ပြောပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုတွေရှိနေတာ၊ ဓာတုဗေဒပစ္စည်းတွေတင်မကပဲ မူးယစ်ထုတ် လုပ်တဲ့ ကျွမ်းကျင်သူတွေပါ ပြည်တွင်းကို တရားမဝင်ဝင်ရောက်နေတာ၊ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားတွေကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ မြင့်တက်နေတာလို့လည်း ဒုတိယ ရဲမှူးကြီး ရဲနိုင် က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ၂၀၁၉ ဇွန်လ ၂၂ ရက်နေ့အထိ မူးယစ်မှုနဲ့ ဖမ်းဆီးရမိသူ ၂၇၀၀၀ ကျော် ရှိတယ်လို့ ဆက်ပြောပါတယ်။

၂၀၁၈ - ၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုး ဖမ်းဆီး ရမိခဲ့ပြီး၊ အဲဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မနှစ်က တစ်နိုင်ငံလုံးမှာ အမေရိကန်ဒေါ်လာ ၁၈၇ သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက အမေရိကန်ဒေါ်လာ ၁၀၈ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ၂၀၁၉ ဇွန် ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးနေစဉ်

ရန်ကုန်-မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှဝေ က - ရခိုင်ပြည်နယ်ဟာ စိတ်ကြွဆေးပြားတွေကို ကမ္ဘာ့နိုင်ငံအသီးသီးကို ဖြန့်ဝေတဲ့ မူးယစ်ဆေးဝါးလမ်းကြောင်း ထွက်ပေါက်ဖြစ်နေကြောင်း ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီနှစ်မှာ ရခိုင်ပြည်နယ်ဟာ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှု အများဆုံးဖြစ်တဲ့ ပြည်နယ်လည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသူ ၉၃၀၀၀ ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ်၊ ကိုသီဟထွန်း နဲ့ ကိုထက်အာကာ တို့ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။