ရခိုင်ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


2014.12.26
utheinsein-sittwe-305.jpg စစ်တွေမြို့ကို ဒီဇင်ဘာလ ၂၆ ရက်နေ့က သမ္မတ ဦးသိန်းစိန် ရောက်ရှိလာစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အင်အားတွေ တိုးမြှင့်ချထားရုံနဲ့ တည်ငြိမ်အေးချမ်းရေးရရှိနိုင်မှာ မဟုတ်ဘဲ ဒေသခံတွေကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှ သာ တည်ငြိမ်အေးချမ်းနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ စစ်တွေမြို့ခံတွေ ကို ပြောပါတယ်။

စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်ကြောင်း ရှင်းပြစဉ် ထည့်သွင်းပြောခဲ့တာပါ။

"ဒေသတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်တဲ့နေရာမှာ တပ်တွေ ဘယ်လောက်ပဲချထား၊ ရဲတပ်ဖွဲ့တွေ ဘယ်လောက်ပဲချထား ပြည်သူလူထုရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုမှမရပါဘူး၊ ဒီဒေသမှာ မြစ်တွေချောင်းတွေ ကလည်းပေါ၊ တစ်နေရာရာမှာ တစ်ခုခုဖြစ်တယ်ဆိုရင် လှေရှာနေရတာနဲ့ ဟိုမှာမီးလောင်လို့ တစ်ရွာလုံး ကုန်သွားပြီ၊ အဲ့လိုတွေဖြစ်မှာပါ၊ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ဒေသမှာရှိတဲ့ ပြည်သူလူထုက ဝိုင်းကူမှပဲ ဒေသကတည်ငြိမ်အေးချမ်းမှုရှိမှာပါ"

ဒါ့အပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အပြီးသတ်နေပြီဖြစ်သလို ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနံပိုက်လိုင်းစီမံကိန်းဟာလည်း နောက်နှစ်အတွင်းမှာ စတင်လည်ပတ်နိုင်တော့မှာဖြစ်တဲ့ အတွက် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာတော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မကြာခင်မှာ ကျောက်ဖြူမြို့ဟာ စက်မှုဇုန်တွေ၊ ရေနက်ဆိပ်ကမ်းတွေနဲ့ အချက်အချာကျတဲ့နေရာတစ်ခု ဖြစ်လာမယ့် အတွက် စက်မှုလက်မှုသိပ္ပံကျောင်းတစ်ခုကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့က ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို သံတွဲမြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ စစ်တွေမြို့ခံတွေ တွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။