အိုအိုင်စီ ရုံးဖွင့်ခွင့်မပြုလို့ သမ္မတ ထပ်မံကတိပေး
2012.10.21

ဒီကနေ့ ပြည်တွင်း ၊ ပြည်ပ သတင်းစာဆရာတွေကို ဖိတ်ခေါ်ပြီး၊သတင်းစာရှင်းလင်းပွဲ ကျင်းပရတဲ့ အကြောင်းကို သမ္မတ ဦးသိန်းစိန်က အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။
“…အဲတော့ ပြည်တွင်းမီဒီယာတွေနဲ့လည်း ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံဖို့ သင့်တယ်ဆိုပြီးတော့မှ ကျွန်တော်တို့ သက်ဆိုင်ရာ ဝန်ကြီးတွေကို ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ သူတို့ကို ဒါစီစဉ်ခိုင်းခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ခုနလို ခင်ဗျားတို့ရဲ့ မေတ္တာပို့မှာလည်း ကျွန်တော်တို့ ကြောက်တာပေါ့ဗျာ။ သမ္မတက ခုနလို ပြည်ပက မီဒီယာတွေနဲ့ တွေ့တွေ့နေပြီးတော့ ငါတို့ကိုတော့ ခုနလို ပစ် ပစ်ထားတယ်၊ လှည့်တောင် မကြည့်ဘူးဆိုပြီးတော့ ဒါလည်း ကြောက်ရတာ တစ်ချက်ပါတာပေါ့လေ…”
ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို သမ္မတရုံးဝန်ကြီးတွေ ဖြစ်တဲ့ ဦးစိုးသိန်း၊ဦးအောင်မင်းနဲ့ မကြာမီက ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့ ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ကြပြီး၊မြန်မာနိုင်ငံရဲ့ ပညာရေး၊ကျန်းမာရေး ကဏ္ဍရပ်တွေအပြင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ရခိုင်ပြည်နယ် အရေးစတဲ့ သတင်းစာဆရာတွေ မေးမြန်းသမျှတွေကို သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့ပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) ရုံးခန်း ဖွင့်ခွင့်မပြုဘူးဆိုတဲ့ အကြောင်းကိုလည်း ထပ်မံ ရှင်းပြခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း၊ပြည်ပက သတင်းစာဆရာ ၁၇၀ ကျော်တက်ရောက်ခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သတင်းစာဆရာတွေကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်၊ဟိုတယ်ဇုန်က ရွှေဧည့်သည်ဟိုတယ်မှာ ညစာနဲ့ တည့်ခင်းဧည့်ခံမယ်လို့ သိရပါတယ်။