ရွေးကောက်ပွဲကို တပ်က ဝေဖန်တာ မတည်မငြိမ်ဖြစ်အောင် အားပေးရာရောက်ကြောင်း သမ္မတရုံးပြော
2020.11.04
ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂ ရက်နေ့ မှာ တပ်မတော်က အစိုးရကို ဝေဖန်ခဲ့တာဟာ ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေ တိုးစေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို သံသယရှိကြောင်း၊ “အစိုးရအနေနဲ့ ကော်မရှင်ရဲ့ မှားယွင်းမှုတွေကို ကြီးကြပ်ဖို့ တာဝန်ရှိကြောင်း တပ်မတော်က ပြောဆိုထားတာပါ။
တပ်မတော်က ပြောကြားချက်ဟာ တိကျသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပြီး ရွေးကောက်ပွဲအပေါ် အများပြည်သူရဲ့ စိုးရိမ်ပူပန်မူ တွေကို အားပေးရာရောက်တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။
"တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ တိကျရေရာ သေချာမှုမရှိတဲ့ ပြောကြားချက်များကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ Popular News တို့တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါ"
တပ်မတော်ရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်၊ နိုဝင်ဘာ ၃ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာသတင်းဌာနတို့ တွေ့ဆုံမေးမြန်းချက်တွေမှာ ပါဝင်တဲ့ အချက်တွေဟာ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ တိကျရေရာမူမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားတာကို တွေ့ရသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွေရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ (က) မှာ နိုင်ငံ့ဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ပြဌာန်းထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်က ဥပဒေနဲ့ မညီဘူးဆိုတာကို လက်မခံဘူးလို့ ငြင်းလိုက်ပါတယ်။
"ကျတော်တို့မြင်တာကတော့ ဥပဒေနဲ့မညီစရာအကြောင်းတစ်ခုမှ မရှိဘူး။ တပ်မတော်အနေနဲ့ကတော့ အခြေခံဥပဒေအခန်း ၁ အရ ပါရှိတဲ့ တပ်မတော်ရဲ့ တာဝန်၀တ္တရားတွေကိုပဲ ထမ်းဆောင်တာ ဖြစ်တယ်။ အဲ့ထဲမှာ ဘယ်ပါတီကိုမှ ပြောခဲ့တာလည်းမရှိဘူး။ ဘယ်ပါတီနိုင်ငံရေးကိုမှ လုပ်ခဲ့တာလည်းမရှိဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာပဲ အခြေခံပြီး ပြောကြားခဲ့ခြင်းဖြစ်တယ်။ အထောက်အထားနဲ့ပတ်သက်ပြီး ခိုင်လုံခြင်းမရှိတဲ့ဟာတွေကိုတော့ ပြောစရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲမှာ လက်တွေ့မြေပြင်မှာ ကွင်းဆင်းပြီး စောင့်ကြည့်နေသူတွေကတော့ ပါတီအသီးသီးရဲ့ ကိုယ်စားလှယ်တွေ စောင့်ကြည့်နေတာရှိတယ်။ သူတို့တွေ့ကြုံနေရတဲ့ဟာတွေကိုလည်း မျိုးစုံပြောပြီးဖြစ်တယ်။ ပြီးရင် မီဒီယာတွေ သတင်းယူနေတာရှိတယ်။ ရွေးကောက်ရေးစောင့်ကြည့်အဖွဲ့တွေ သတင်းယူနေတာတွေ ရှိတယ်။ ဒါတွေအပေါ်မှာပဲ ကျတော်တို့က အခြေခံပြီး လုပ်ရတာ။ ဒီပြင့်သတင်းတွေပေါ်မှာလည်း အခြေခံအကြောင်းမရှိဘူး"
နိုဝင်ဘာ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ပေါ်ပြူလာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်တာဟာ ဥပဒေနဲ့ ညီညွတ်တယ်။တပ်မတော်က နိုင်ငံတော်ကို ကာကွယ်ဖို့နဲ့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဌာန်းပေးထားတယ်။ ဒါကြောင့် ပါတီ စုံဒီမိုကရေစီလမ်းကြောင်းကိုသွားရာမှာ တပ်မတော်က ဝေဖန်ပြောဆိုဖို့ တာဝန်ရှိပြီး အစိုးရက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့ တာဝန်ယူရမယ် စတဲ့ အချက်တွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့ကို တာဝန်ခံရမယ်လို့ ဥပဒေမှာ ပြဌာန်းထားခြင်း မရှိတာကို သတိပြုသင့်တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဝေဖန်ချက်ကို ဖြေရှင်းခဲ့ပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကြောင့် စစ်အာဏာသိမ်းမူတွေဖြစ်လာမလား၊ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်က လက်မခံရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်ချက်တွေကို မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
"ကျတော်တို့မှာ Rule of The Game က ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဒါက ကစားပွဲ စည်းမျဉ်းပဲ ၊ ဒီ Game ကစားပွဲ စည်းမျဉ်းအတိုင်းပဲ အကုန်လုံးက သွားရမှာပဲ ၊ ဒီ Game စည်းမျဉ်းအတိုင်းမသွားဘူးဆိုရင် ဒီ Game က ပျက်ပြီ။ ဟုတ်ပြီနော် ဒါတွေက ဘာဖြစ်လာမယ် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှလည်း မသိဘူး ဘယ်သူမှလည်း မပြောနိုင်ဘူး"
ရွေးကောက်ပွဲ ပျက်ပြားဖို့ အချိန်ကိုက် လှုပ်ရှားနေတာတွေကို တွေ့မြင်နေရတယ်လို့ လည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
"တချို့နေရာတွေမှာ တမင် သက်သက် ရမယ်ရှာတဲ့ဟာတွေရှိတယ်၊ တချို့နေရာတွေမှာ အချိန်ကိုက်လှုပ်ရှားတာတွေရှိတယ်။ ဆိုလိုတာက ဒီအခြေအနေတွေက ပုံမှန်မဟုတ်ဘူး၊ ပုံမှန်မဟုတ်တဲ့ အနေအထားတွေရှိတဲ့အတွက် သတိပြုကြဖို့ ကျတော်တို့ ပြောတာဖြစ်ပါတယ်"
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဝေဖန်ထောက်ပြမူတွေကို အလေးထား ပြုပြင်ဖို့ လိုတယ်လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တပ်မတော်ရဲ့ အမြင်သဘောထား သုံးသပ်ချက်တွေကို အလေးအနက်ထားပြီးတော့ အချိန်နဲ့တပြေးညီ လိုအပ်သလို ပြုပြင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရ ပြောရင် တပ်မတော်ကနေ အာဏာသိမ်းတဲ့အခြေအနေထိ ဦးတည်တဲ့အနေအထားမျိုးလို့တော့ ကျတော်အနေနဲ့ မမြင်ပါဘူး။ အရပ်ဖက် နိုင်ငံရေးခေါင်းဆောင်တွေလည်း ဒီတပ်မတော်ခေါင်းဆောင်တွေကြားမှာ ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးပြီးတော့ အမြင်သဘောထား နှီးနှောဖလှယ်ဖို့ ထင်ရှားပြသနေတယ်လို့ မြင်ပါတယ်"
ရွေးကောက်ပွဲကျင်းဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ တပ်က အစိုးရကို ပထမဆုံးအကြိမ် ကြေညာချက်ထုတ် ဝေဖန်ခဲ့တာဖြစ်ပြီး အစိုးရကလည်း တပ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တုံ့ပြန်ခဲ့တာပါ။
ရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်တင်တာဟာ မသင့်တော်ကြောင်းနဲ့ ၂၀၁၀ နဲ့ ၂၀၁၅ မှာလည်း ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲလိုပဲ ကြိုတင်မဲ ကိစ္စမှာ အမှားရှိခဲ့တယ်၊ အဲဒီအမှားတွေထဲမှာ လူကြောင့်ဖြစ်တဲ့ အမှားတွေလည်း ပါဝင်တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသက မဲဆန္ဒရှင်တွေအတွက် အစိုးရက စိတ်မကောင်းဖြစ်ရပြီး ကျန်ခဲ့တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲအမြန်ကျင်းပနိုင်ဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကလည်း ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ကူညီပေးဖို့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)