သမ္မတရဲ့ သဝဏ်လွှာ လွှတ်တော်အမတ်တွေ ကြိုဆို

ဒီကနေ့ လွှတ်တော်နှစ်ရပ်ကို ပေးပို့လာတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ အချက် ၁ဝချက် တင်ပြထားပြီး အချက်တခုအနေနဲ့ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

2011.09.30

သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖတ်ပြခဲ့ပါတယ်။ မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သဝဏ်လွှာပါ ဆုံးဖြတ်ချက်ကတော့-

“… မိမိတို့ အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရ ဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်လက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သော အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကို သာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်”

ဒီသဝဏ်လွှာ ဖတ်ကြားပြီးသွားချိန်မှာ လွှတ်တော်တခုလုံး လက်ခုပ်သံ ညံသွားတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“လွှတ်တော်အမတ်တွေ အကုန်လုံး တော်တော်လေး စိတ်ချမ်းသာ ပျော်ရွှင်ကြတာပေါ့။ ကချင်ပြည်နယ်က အမတ်တွေ၊ အထူးသဖြင့် ဒီကိစ္စနဲ့ ပတ်သက်လို့ မြစ်ဆုံနားမှာ နေခဲ့တဲ့ အမတ်တွေဆိုရင် တော်တော်လေးကို ဝမ်းသာအားရနဲ့ ‘ဒါ သေသွားတဲ့ အမေ ပြန်ရောက်သလိုပါပဲ’ ဆိုပြီး သူတို့ ရင်ထဲက ခံစားချက်ကို ပြောပြတယ်။ တခြား လွှွတ်တော်အမတ်တွေကလည်း ရင်နဲ့အမျှ ခံစား ကြည်နူးကြပါတယ်”

သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ဝ, အဖွဲ့နဲ့ မုံးလားအဖွဲ့တို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ စတင်နေပြီလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်ပရောက် တိုင်းရင်းသားတွေ ကိုယ့်နိုင်ငံ ပြန်လာရေးကို စိစစ် လက်ခံနေကြောင်း ဖော်ပြထားသလို အကျဉ်းသားများ လွှတ်ပေးရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားတဲ့ အခွင့်အာဏာနဲ့အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ သဝဏ်လွှာ လွှတ်တော်အတွင်း ဖတ်ကြားခဲ့ပြီးတဲ့နောက် လွှတ်တော်အမတ်တွေရဲ့ တုန့်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မြစ်ဆုံဆည်တည်ဆောက်မှု ရပ်တန့်ဖို့ သမ္မတရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဓမ္မသီရိရဲ့ မိန့်ကြားချက်ကို ဦးဇော်မိုးကျော်က တင်ပြထားပါတယ်။

ဦးဓမ္မသီရိရဲ့ မိန့်ကြားချက်။
အသံဖိုင်ယူရန်။

ကချင်လူမှု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ရဲ့ အမြင်ကိုလည်း ဦးဇော်မိုးကျော်က တင်ပြထားပါတယ်။

ကချင်လူမှု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ရဲ့ အမြင်။
အသံဖိုင်ယူရန်။

သမ္မတရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်အဖွဲ့ကို ကိုခင်မောင်စိုးမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

သမ္မတရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ အမြင်တွေကို ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းပြီး စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-30 08:53

We glad to heard about myitsount dam project shutdown by president of Burma.It was wellcome news for people of Burma.Thanks you very much President. You save million of lives.