သမ္မတ ဦးထင်ကျော် နှစ်သစ်ကူး ဆုတောင်းစကားပြောကြား


2017.04.17
htinkyaw-speech-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဧပြီလ ၁၇ ရက်နေ့က နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားနေစဉ်
Photo: Myanmar President Office/ Facebook

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေက စေတနာနဲ့ ငွေသန်း ထောင်ပေါင်းများစွာ ထည့်ဝင်လှူဒါန်းတာဟာ ပြည် သူတွေ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ဆာလောင် မွတ်သိပ်နေကြတယ်၊ ငြိမ်းချမ်းတဲ့ဘဝကို ဘယ်လောက် လိုချင်နေကြတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် ကုန်ဆုံးလို့ ၁၃၇၉ နှစ်ကို စတင်ကူးပြောင်းတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြတဲ့အပေါ်မှာ ယုံကြည်အားထားမှုရှိတာဖြစ်တယ်လို့လည်း ဦးထင်ကျော်က ပြော ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာမယ်လို့ မျှော်လင့်ရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းသဘောသဘာဝအရ အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာနဲ့ အစစအရာရာမှာ အထူး သတိထား ဆောင်ရွက်နေရကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် လူနေမှုဘဝအခက်အခဲတွေကို ရင်ဆိုင်ရုန်းကန် ဖြတ်ကျော်နေတဲ့ကြားက အစိုးရအပေါ် ယုံကြည် စိတ်ရှည်စွာနဲ့ နားလည်မှုပေးနေတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ ပြည်သူတွေရဲ့ နားလည်လက်ခံမှုကိုရရှိပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင် ရွက်နေကြောင်းနဲ့ စိတ်ရှည်သည်းခံ စောင့်ဆိုင်းနေကြတဲ့ ပြည်သူနဲ့အတူ နှစ်သစ်မှာ ဆတက်ထမ်းပိုး တိုး တက်ကောင်းမွန်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။ ပြည်သူတွေဘက်ကလည်း အစိုးရနဲ့အတူ လက်တွဲမဖြုတ်ဘဲ ဆက်လက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ပြည်သူတွေအတွက် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းလာနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောခဲ့ပါတယ်။

ဒုသမ္မတ နှစ်ဦးဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း တို့ကလည်း နှစ်သစ်ကူးဆုတောင်းစကားတွေ ပြောကြားခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ပုံရိပ်တွေ ပိုမိုပေါ်ထွန်းလာမယ့်နှစ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မယ့်နှစ်၊ မြန်မာ့သမိုင်းစာမျက်နှာမှာ တင်ကျန်ရစ်မယ့်နှစ်တစ်နှစ်ဖြစ်ပါစေဆိုပြီး ဒု-သမ္မတ ၁ ဦးမြင့်ဆွေ က ဆုတောင်းစကား ပြောကြားပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အချင်းချင်းမေတ္တာ၊ စေတနာ ကရုဏာထားပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာလို့ ဆုမွန်ကောင်းတွေပြည့်ဝ ကြပါစေကြောင်း ဒု-သမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူက နှစ်သစ်ကူး ဆုတောင်းစကားမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရအောင် ကြိုးစားသွားကြဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းမှ တိုးတက်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။