ဆုတောင်းပွဲကျင်းပသူ ၄ ဦး ပုဒ်မ ၁၈ နဲ့ တရားစွဲခံရ


2016.02.18
moe-thwae-620.jpg အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲ ကျင်းပခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ပြီးခဲ့တဲ့နှစ် မတ်လက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲကျင်းပခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေး အပါအဝင် ၄ ဦးကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဘုရားမှာဆုတောင်းပွဲကျင်းပတာကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့်ဘူးလို့ ကိုမိုဃ်းသွေးက ပြောပါတယ်။

"ဆိပ်ကမ်းစခန်းကနေ ဒါပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ပေါ့နော်၊ ဘုရားမှာဆုတောင်းလို့ မရဘူးဆိုပြီးတော့မှ ဒါမျိုးကျနော်တို့ကို တရားစွဲဆိုတာဖြစ်ပါတယ်၊ ပုဒ်မ ၁၈ ဥပဒေနဲ့ မြင်မြင်ရာ တွေ့လေရာကိစ္စမှန်သမျှကို ဒီပုဒ်မ ၁၈ ဆိုတဲ့ ငြိမ်းစုစီဥပဒေနဲ့ လိုက်ပြီးတော့မှ တရားစွဲနေတဲ့ကိစ္စကြီးက ဒါကသိပ်ပြီးတော့မှ သင့်တော်တဲ့အလုပ်မဟုတ်ဘူးလို့ ကျနော် ထင်တယ်၊ နေရာဒေသ၊ အချိန်ကာလတွေကို ကျနော်တို့က ကြည့်ဖို့လိုတယ်လို့ထင်တယ်၊ နောက်ပြီးတော့ ဒီပုဒ်မ ၁၈ ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေတဲ့ ဖိနှိပ်နေတဲ့ ဥပဒေတစ်ရပ်ဖြစ်နေတယ်ပေါ့နော်၊ ဒီအထဲမှာလည်း အရေးယူအပြစ်ပေးမှုတွေကလည်း ပြင်းပြင်းထန်ထန် ပါနေတယ်ဆိုတဲ့ကြောင့် နောင်မကြာခင်အချိန် အတွင်းမှာ ဒီပုဒ်မ ၁၈ ကို ဖျက်သိမ်းရင် ဖျက်သိမ်း၊ ပြင်ဆင်ရင် ပြင်ဆင် လုပ်ဖို့သင့်တယ်လို့ ကျနော် ယူဆပါတယ်"

ပြီးခဲ့တဲ့နှစ် မတ်လက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ထားတာကြောင့် ကိုမိုဃ်းသွေး၊ ကိုရဲဝင်းထွဋ်၊ မအိအိမိုးနဲ့ ကိုဇင်လင်းတို့ ဦးဆောင်ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကြမ်းမဖက်ဖို့ ဗိုလ်တထောင် ဘုရားမှာ ပြီးခဲ့တဲ့နှစ် မတ်လ ၇ ရက်နေ့က ဆုတောင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပြီး တရားလိုဘက်က သက်သေတွေကို စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။