စစ်မျက်နှာပြင် စဖွင့်တော့မယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် ကြေညာ
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အခြေပြုပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့ တော်လှန်ရေးတပ်မတော် (PRA) က စစ်သင်တန်းတွေကို ခေတ္တရပ်နားပြီး စစ်မျက်နှာပြင် စတင်ဖွင့်တော့မယ် လို့ အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာပဲ ကြေညာလိုက်ပါတယ်။
လက်ရှိ အမျိုးသားစစ်သင်တန်း ကိုးခုနဲ့ အမျိုးသမီးစစ်တန်း နှစ်ခု စုစုပေါင်း စစ်သင်တန်း ၁၁ ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၆၆ ဦးအထိ ရှိလာပြီလို့ PRA ရဲ့ကြေညာမှာ ပါရှိပါတယ်။
ရိက္ခာနဲ့ လက်နက်တပ်ဆင်နေရတဲ့အပြင် စစ်သင်တန်းတွေ ပေးနေရတာကြောင့် တိုက်စစ် မဖွင့်နိုင်တာကို ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့နဲ့ စာရင်းပေးထားပြီး သင်တန်းမတက်ရသေးတဲ့ လူငယ်တွေကိုလည်း တောင်းပန်တယ်လို့ PRA ဆိုပါတယ်။
PRA ကို ဧပြီလ ၉ ရက်နေ့မှာ ကော်မတီဝင် ၁၇ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနဲ့ အလယ်ပိုင်းတိုင်းဆိုတဲ့ အဖွဲ့ခွဲတွေ ဖွဲ့စည်းထားတဲ့အပြင် ပုလဲမြို့၊ မြိုင်မြို့နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ပုံတောင်တော်လှန်ရေးအဖွဲ့စတဲ့ အဖွဲ့တွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်တဲ့ မည်သည့် အဖွဲ့အစည်းမဆို လက်ခံမှာမဟုတ်ဘဲ စစ်ကောင်စီကို တော်လှန်တဲ့ ဘယ်အဖွဲ့နဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။