လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်
2014.09.26
လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် ကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကွန်ရက်တို့က ကန့်ကွက်ဆန္ဒပြမယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ မဲဆန္ဒရှင်တွေနဲ့ ဆက်ဆံမှုမရှိသလို PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့အတွက် ကန့်ကွက်မှာဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ကိုမြတ်ကျော် က ပြောပါတယ်။
"ပုဇွန်တောင်မြို့နယ် လွှတ်တော်အမတ် ဦးအောင်ဇင်ဟာ လွှတ်တော်အမတ်တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ပျက်ယွင်းနေတယ်၊ နောက်ပြီးတော့ ပုဇွန်တောင်မြို့နယ်မှာလည်း မနေဘူး၊ လွှတ်တော် ကိုယ်စားလှယ် ရုံးလည်းမရှိဘူး၊ ပုဇွန်တောင်မြို့နယ် ပြည်သူလူထုတွေကလည်း သူ့ကိုလုံးဝ အဆက်အသွယ် လုပ်လို့မရဘူးဖြစ်နေတယ်၊ နောက်ပြီးတော့ အမျိုးသားစည်းလုံးညီညွှတ်ရေးပြိုကွဲစေမယ့် ပီအာစနစ်ကို ဘာ့ကြောင့်တင်သွင်းလဲ၊ ဒီဟာကိုလည်း ကန့်ကွက်မယ်"
အဲ့ဒီဆန္ဒပြပွဲမှာ လူဦးရေ ၃၀၀ ခန့် ပါဝင်ဖို့ ခွင့်ပြုမိန့်တောင်းထားပြီး ပုဇွန်တောင်ပန်းခြံကနေ စတင်လမ်းလျှောက် ဆန္ဒပြကြမှာဖြစ်တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို ကိုယ်စားပြုပြီး ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ်ကို အကောင်အထည်ဖော်ဖို့ တင်ပြရာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။