တပ်မတော်နဲ့ အပစ်ရပ် ၁၀ ဖွဲ့အကြား ညှိနှိုင်းမရဖြစ်နေ


2018.05.27
ppst-meeting-622.jpg NCA-S EAO ရဲ့ PPST အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: Myo Win - facebook

လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စုကနေ လုံးဝခွဲမထွက်ရေးဆိုတဲ့ သဘော တူညီချက် စာတမ်းမပါရင် တခြားကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ တပ်မတော်က လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုမှုတွေရှိနေတဲ့အတွက် ရှေ့ဆက်ညှိနှိုင်းဖို့ အတားအဆီးဖြစ်နေတယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ က ပြောပါတယ်။

အစိုးရ၊ တပ်မတော်တို့နဲ့ သဘောတူညီချက်မရဖြစ်နေတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးနေတဲ့အကြောင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောပါတယ်။

"အစိုးရဘက်ကတော့ ဒီတပ်မတော်ဘက်ကတော့ပေါ့ဗျာနော်၊ လုံးဝခွဲမထွက်ရေးဆိုတဲ့ဟာ အဲဒီစာတမ်းမပါရင် တခြားကိစ္စတွေသူတို့က လက်မခံဘူး ။ ဆက်ဆွေးနွေးဖို့က တစ်ဆို့နေတယ်ဗျ၊ ဒီဘက်ကလည်း ဒါကတော့ ခွဲထွက်လိုချင်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကြီးကို ထည့်ထားရင် တစ်ခုခု ကန့်သတ်ထားသလို ဖြစ်နေမလား ပေါ့၊ နောက်ခါ အမျိုးမျိုးပေါ့ ဥပမာ ဖိနှိပ်ခံရရင်၊ ချိုးဖောက်ခံရရင် ဘယ်လိုလုပ်မလဲ ဒါတော့ စဉ်းစားစရာတော့ ဖြစ်တာပေါ့ဗျာ"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေက နှစ်ရက်ကြာ ပြန်လည်ညှိနှိုင်းနေကြတာဖြစ်ပါတယ်။

DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီချက်မရသေးဘဲ တပ်မတော် ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်တွေကို ဖျက်သိမ်းပေးဖို့ဆိုတဲ့ ပုံစံမျိုးကိုသာ ပြောခဲ့တယ်လို့ နိုင်ဟံသာ က ပြောပါတယ်။

လက်ရှိအချိန်အထိ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဘယ်အချိန်မှာ ကျင်းပဖြစ်မလဲဆိုတာ မပြောနိုင် သေးဘူးဖြစ်နေပါတယ်။

ရှမ်းပြည်တပ်မတော် RCSS/SSA ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သူတို့ ရည်မှန်းထားတဲ့ တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာ မကျင်းပနိုင်ရင် ရှေ့ဆက်လုပ်မှာမဟုတ်ဘူးဆိုတဲ့ သဘောထားမျိုးကို တွေ့ရတယ်လို့ နိုင်ဟံသာ က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ PPST ခေါင်းဆောင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်သင့်သလောက် မအောင်မြင်သေးတာဟာ ကြိုတင်စည်းကမ်းချက် သတ်မှတ်တာတွေရှိလာပြီး စိုးရိမ်မှုကြီးမားနေတဲ့ အခြေအနေရှိတာလည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အခွင့်အရေးတွေ အများကြီးပေးလိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးပစ်ပယ်ပြီး ဖက်ဒရယ်ကို ခွဲထွက်ခွင့်ဆိုတဲ့ ပုံစံအထိ တောင်းဆိုလာမလားဆိုတဲ့ တပ်မတော်ဘက်မှာ စိုးရိမ်စိတ်တွေရှိနေနိုင်တယ်လို့ မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာက က ပြောပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကတော့ ဖက်ဒရယ်ဆိုတာကို ပေါင်းစည်းခြင်းလို့သာ နားလည်လက်ခံထားကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။