ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ NUDP ပါတီပူးပေါင်း
2023.02.27

၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) နဲ့ မအူပင် ဦးစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) တို့ ပူးပေါင်းလိုက်တယ်လို့ ပြည်သူ့ပါတီက RFA ကို ပြောပါတယ်။
NUDP ပါတီကိုဖျက်သိမ်းပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်းတာဖြစ်သလို အခုလို ပူးပေါင်းခြင်းက နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရေးအတွက် အားတစ်ခုဖြစ်လာမှာလို့ ပြည်သူ့ပါတီရဲ့ အတွင်းရေးမှူး (၂) ဦးကျော်လင်းက RFA ကို ပြောပါတယ်။
“ကျနော်တို့ ပြည်သူ့ပါတီမှာ ဦးစိန်ဝင်းတို့ပါတီက လာရောက်ပူးပေါင်းခြင်းဖြစ်ပါတယ်။ ဦးစိန်ဝင်းတို့ပါတီက ဖျက်သိမ်းပြီးတော့ ကျနော်တို့ပါတီရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းမှာပါ။ ပါတီအဆင့်ဆင့်ကိုလည်း ပူးပေါင်းပြီး ဆောင်ရွက်ပါမယ်။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ကျနော်တို့ပါတီရဲ့ ရည်ရွယ်ချက်နဲ့ ဦးစိန်ဝင်းတို့ရဲ့ ရည်ရွယ်ချက်ချင်းတူပါတယ်။ ကျနော်တို့ ပူးပေါင်းတာဟာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အားတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်”
အခုလို ပါတီနှစ်ခုပူးပေါင်းပြီး ပြည်သူ့ပါတီလုပ်ငန်းစဉ်နဲ့ မူဝါဒအတိုင်း ဆက်လက် လုပ်ဆောင်မှာဖြစ်သလို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာလည်း တရားဝင် သတင်းထုတ်ပြန်မယ်လို့ ဆိုပါတယ်။
NUDP ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းကလည်း နိုင်ငံနဲ့ ပြည်သူ့အကျိုး ပိုမိုဆောင်ရွက်နိုင်ဖို့ ပြည်သူ့ပါတီနဲ့ ပူးပေါင်းတာဖြစ်ပြီး နေရာ၊ ရာထူးအတွက် ပူးပေါင်းတာမဟုတ်သလို ပါတီရဲ့ခေါင်းဆောင်ကလည်း ဦးကိုကိုကြီးသာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းက သူ့ရဲ့လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်းစည်းရုံးရမှာဖြစ်ပြီး တစ်နိုင်ငံလုံး မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါတီနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုတဲ့ ပါတီတွေအနေနဲ့ ပူးပေါင်းပြီး ပါတီတစ်ခုအနေနဲ့ ရပ်တည်နိုင်တယ်လို့လည်း ထည့်သွင်းပြဌာန်းထားပါတယ်။