ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ တစ်သိန်းလှူဒါန်း
2018.09.30

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကတဆင့် ရခိုင်ပြည်နယ် အစိုးရကို ဒီနေ့ မနက်ပိုင်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ ပြည်နယ်အစိုးရရုံးမှာ ဒီနေ့ ကျင်းပတဲ့ လှူဒါန်းပွဲ အခမ်းအနားကို သာသနာရေးနဲ့ ယဉ်ကျေးမူ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ခဲ့တယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ငြိမ်းချမ်းမေတ္တာ ဖောင်ဒေရှင်းကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်က RFA ကို ပြောပါတယ်။
"Religion For Peace က ဒီမှာ ငြိမ်းချမ်းရေးကိစ္စတွေကို လုပ်နေတဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးကနေပြီးတော့ ဒီရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ တစ်သိန်း လှူပါတယ်ခင်ဗျာ။ အဲဒီအခမ်းအနားကို သာသာနာရေးနဲ့ ဝန်ကြီးကိုယ်တိုင်လာပြီးတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကြီးကို ကိုယ်တိုင်လာအပ်တာပေါလေ။ အဲဒီအခမ်းအနားပါပဲ။ သူတို့အနေနဲ့က ဒီဘူးသီးတောင် မောင်တောဘက်မှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ သုံးလို့ရမယ့် လမ်းတွေလုပ်ဖို့တို့၊ သောက်ရေသန့်တွေ လုပ်ဖို့တို့ အဲဒီလို အများသုံးနိုင်မယ့် ကိစ္စရပ်တွေမှာ ရေရှည်ပေါ့လေ သုံးလို့ရမယ့် စီမံကိန်းတွေကို စနစ်တကျ သုံးစွဲဖို့ဆိုတာတွေ ပြောပါတယ်ခင်ဗျာ"
ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက ရည်ရွယ်လှူဒါန်းတာဖြစ်ပြီး ကန်ဒေါ်လာ တစ်သိန်းနဲ့ညီမျှတဲ့ မြန်မာငွေကျပ် သိန်းပေါင်း တစ်ထောင့် သုံးရာကျော်ဖြစ်တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းဟာ မနေ့က စစ်တွေမြို့မှာရှိတဲ့ ဆရာတော် သံဃာတော်တွေနဲ့ တွေ့ဆုံခဲ့သလို ဟိန္ဒူဘုရားကျောင်းနဲ့ မြန်မာနိုင်ငံက ခရစ်ယာန်များကောင်စီက ဘုရားရှိခိုးကျောင်းတစ်ခုကိုလည်း သွားရောက်ခဲ့တယ်လို့ ဦးအေးလွင်က ပြောပါတယ်။
ငြိမ်းချမ်းမေတ္တာအဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ ဒုတိယအြကိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလကလည်း ပြည်တွင်း ပြည်ပက ဘာသာပေါင်းစုံ ကိုယ်စားလှယ်တွေနဲ့အတူ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။
နိုင်ငံပေါင်း ၉ဝ မှာ Religions For Peace လို့ခေါ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ခွဲတွေရှိပြီး ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံမှာ ၂ဝ၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။