နိုင်ငံရေးအကျဉ်းသား ၄ ဦး ထပ်တိုးလာကြောင်း AAPP ကြေညာချက်ထုတ်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ရဲ့ သြဂုတ်လအတွက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2011.09.03
prisoners_photos_board_305_z.jpg မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲ့ဒီ ကြေညာချက်အရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၉၉၈ ဦး ရှိနေတယ်လို့ သိရပါတယ်။ သြဂုတ်လ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၄ ဦး ထပ်တိုးလာတာ တွေ့ရတယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အခြေအနေတွေကို လစဉ် ပုံမှန် အစီရင်ခံစာ ထုတ်တဲ့သဘောပါ။ ဒီလထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ၄ ယောက် အဖမ်းခံရတယ်ဆိုတဲ့သဘော ကျနော်တို့ ပြောချင်တာပါ”

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖမ်းဆီးခံရတဲ့ တိုင်းရင်းသား ၃ ရာကျော်ရှိပြီး ကျောင်းသား၂၆၈ ဦး၊ သံဃာ ၂၂၂ ဦး ရှိတယ်လို့ ဖော်ပြထားသလို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ စာရင်းလည်း ပါဝင်ပါတယ်။

အစိုးရသစ်နဲ့ အရင် စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိကြောင်း ငြင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စကို လွှတ်တော်မှာ တင်ပြရာမှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ’ ဆိုပြီး ဝေါဟာရ ပြောင်းလဲ တင်ပြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။