နိုင်ကျဉ်းတွေအတွက် သီးသန့်ဥပဒေရေးဆွဲဖို့ နိုင်ကျဉ်းဟောင်းအဖွဲ့ တောင်းဆို
2015.06.27

ပြည်ထောင်စုလွှတ်တော်က အများပြည်သူတွေ သိရှိအောင် ကြေညာထားတဲ့ အကျဉ်းထောင်များဥပဒေ မှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သီးသန့်ပြဌာန်းချက်တွေမပါတဲ့အတွက် သီးခြားဥပဒေတစ်ရပ် ရေးဆွဲပေး ဖို့ တောင်းဆိုသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပတဲ့ အကျဉ်းထောင်များ ဥပဒေကြမ်းနဲ့ နိုင်ငံရေးအကျဉ်းသား များ ဆွေးနွေးပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"တည်ဆဲဥပဒေဥပဒေတွေကို ချိုးဖောက်ပြီးတော့ ရာဇဝတ်သားတွေပဲ အကျဉ်းထောင်ထဲမှာ ရှိတယ်ဆိုပြီးတော့ တရားဝင်တယ်လို့ ထိမ်ချန်လာတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးဆိုတဲ့သဘောကို သက်ရောက်နေတဲ့အတွက် ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီပွဲကိုအကျဉ်းထောင်ဥပဒေနဲ့ နိုင်ငံရေးအကျဉ်းသားများဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေးတစ်ရပ် နိုင်ငံရေးအကျဉ်းသား ဥပဒေတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ဖို့အတွက်ကို ကျနော်တို့အားလုံးအတွက်ကို ကျနော်တို့အားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ကျနော်တို့ ဆောက်ရွက်ဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချတာပါ"
အကျဉ်းထောင်များ ဥပဒေကြမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက်ပါ အကျုံးဝင်တယ်ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ဝေါဟာရကိုပါထည့်သွင်းပြီး ရှင်းလင်းအောင် ပြဌာန်းရမယ်လို့ တက်ရောက်သူတွေ က ဆွေးနွေးကြပါတယ်။
ဒါ့အပြင် အဲ့ဒီမူကြမ်းဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်တွေ မပါရှိကြောင်း၊ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အလုပ်လုပ်စရာ မလိုဘူးဆိုတာကိုလည်း ထည့်သွင်းပြဌာန်းပေးရမယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအတွက် သီးခြားဥပဒေတစ်ရပ်ရေးဆွဲပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တောင်းဆိုမယ့်ကိစ္စနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မမိုးကလျာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။