၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ခြောက်ရာနီးပါး ရှိခဲ့ကြောင်း AAPP ပြော

နေမျိုးထွန်း
2021.01.06
၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ခြောက်ရာနီးပါး ရှိခဲ့ကြောင်း AAPP ပြော ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က မြင်တွေ့ရစဉ်
Photo: Min Thein Aung/ RFA

၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၉၀ ရှိပြီး ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဖမ်းဆီးခံရမှုအများဆုံးဖြစ်တယ်လို့ လည်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၀ နှစ်ဆန်းကနေ နိုဝင်ဘာလကုန်အထိ ကောက်ယူခဲ့တဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၅၉၀ ရှိပြီး အဲဒီထဲမှာ ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်၊ ထောင်ထဲကနေ တရားရင်ဆိုင်နေရသူ ၁၉၉ ယောက်နဲ့ ထောင်အပြင်ကနေ တရားရင်ဆိုနေရသူ ၃၅၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတာ အများဆုံးဖြစ်တယ်လို့ AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာတော့ အဖမ်းဆီးခံရတာ အများဆုံးပဲ။ အဲဒါကတော့ တပ်မတော်နဲ့ AA ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ ဆိုးကျိုးတွေပေါ့နော်။ ရွာသူရွာသားတွေက AA ကို ကူညီပံ့ပိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အထိန်းသိမ်းခံနေရတာရှိတယ်၊ သူတို့ကို အကြမ်းဖက်မှုဥပဒေတွေနဲ့ စွဲထားတာရှိတယ်။ အဲလိုပဲ AA ဘက်ကနေပြီးတော့လည်း ဖမ်းထားတာတွေရှိတယ်။ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တိုက်ပွဲနဲ့ နီးကပ်ရာမှာ နေတဲ့သူတွေကတော့ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခြင်းခံနေရတဲ့အပြင် တချို့က ဖမ်းဆီးခံနေရချိန် စစ်ကြောရေးဝင်ရင် အသက်ဆုံးရှုံးရတာတွေလည်း ရှိပါတယ်”

ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ ၁၅၆ ယောက်ရှိပြီး ရခိုင်ဒေသမှာ တခြား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်ခွင့်ဆိုင်ရာပုဒ်မတွေလို ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ စုစုပေါင်း ၁၈၁ ယောက်ရှိတယ်လို့ ဦးဘိုကြည်က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ အစိုးရရုံး ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသား ဦးရေတိုးလာရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပြည်တွင်းစစ်ကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ထိန်းသိမ်းတာခံရတာတွေနဲ့ ပတ်သက်ပြီး ပါဝင်သလို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်ခွင့်ဆိုင်ရာပုဒ်မတွေအပြင် လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းခံထားရတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ဘယ်လို ရည်ရွယ်ချက်နဲ့ အသုံးပြုလည်းဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို ပြည်သူလူထုကို ဦးတည်ထားတဲ့ ဥပဒေဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဦးတည်တာမဟုတ်ဘူးဆိုတာ ရှင်းနေတဲ့အချက်ဖြစ်တယ်လို့ သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

“ဒါက ဥပဒေကို ဘယ်လိုရည်ရွယ်ချက်နဲ့ သုံးတာလဲပေါ့၊ ဒါကို ကျွန်တော်တို့က မေးခွန်းထုတ်စရာ ဖြစ်တယ်။ ဒီဥပဒေက တကယ်တော့ ပြည်သူလူထုကို ဦးတည်ထားတာဖြစ်တယ်။ အခုလို နိုင်ငံရေးအရ မကျေလည်မှုနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဦးတည်ထားတာ မဟုတ်ဘူး။ ဒါက ရှင်းလင်းမြင်သာနေတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒီဥပဒေကို လွယ်လွယ်ကူကူပဲသုံးတယ် ဒါက ဥပဒေကို အလွဲသုံးတယ်လို့ ယူဆပါတယ်။ ဒီဟာတွေကြတော့။ ဒီဥပဒေက ရှိတော့ ရှိသင့်တယ် ဒါပေမဲ့ အခုလို လက်နက်မဲ့ပြည်သူလူထုကို အဓိကဦးတည်ပြီးတော့ အကြမ်းဖက်တဲ့အဖွဲ့တွေကို သုံးသင့်တဲ့ ဥပဒေမျိုးပါ တကယ်တော့”

သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပေဒနဲ့ တရားစွဲဆို ထောင်ချခံထားရသူတွေရဲ့ အမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံရတဲ့ အမှုတိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက မိသားစုနဲ့ တွေ့ခွင့်မပေးတာ၊ ရှေ့နေနဲ့ တွေ့ခွင့်မပေးတာတွေဟာ ဥပေဒကြောင်းအရရော၊ လူ့အခွင့်အရေးအရရော ပြည်သူတွေက အများကြီးဆုံးရှုံးရတယ်လို့လည်း ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရှိနေတာဟာ မတရားတဲ့ ဥပဒေတွေရှိနေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ မတရားတဲ့ဥပဒေတွေ အသုံးပြုဖမ်းဆီးတာအားလုံး ရပ်တန့်ဖို့လိုတယ်လို့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားရှိခြင်းတွေက ကိုယ်ကိုတိုင်က မတရားတဲ့ ဥပဒေတွေရှိနေတယ်။ အစိုးရကိုယ်တိုင်က ဒီဥပဒေကို လိုသလိုအသုံးချပြီးတော့ ဖမ်းဆီးမှုရှိနေတယ်ဆိုတဲ့ ပြယုဂ်ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ရှိကိုမရှိသင့်ဘူး။ အထူးသဖြင့် ဒီနောက်ပိုင်းမှာ လူ့အခွင့်အရေးကိစ္စ အချိုးဖောက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ဒေသမှာဖြစ်နေခြင်းကိုယ်တိုင်က ပြည်သူလူထုက စစ်ပွဲဒဏ်အရရော၊ မတရားတဲ့ဥပဒေတွေနဲ့ ဖမ်းဆီးခံရတဲ့ကိစ္စတွေ ပိုများနေတာတွေ့ရတဲ့အတွက် အဲလိုဒေသအတွင်းမှာ ငြိမ်းချမ်းရေးရော၊ လုံခြုံရေးရော၊ မတရားတဲ့ဥပဒေတွေ အသုံးပြုဖမ်းဆီးတာတွေအားလုံး အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်ပါတယ်”

မတရားဥပဒေနဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေကို အမြန်ုဆုံးပြန်လွှတ်ပေးဖို့လိုသလို ဒါမှသာ နိုင်ငံရေးအကျဉ်းသားကင်စင်ပြီး အခြေခံလူ့အခွင့်အရေးကို လေးစားတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်မှာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေဖြစ်မလာအောင် ပြင်ဆင်သင့်တဲ့ ဥပဒေကို ပြင်ဆင်ဖို့လိုအပ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နစ်နာမှုတွေကို ဘယ်လိုကုစားပေးမလဲဆိုတာ လိုအပ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်အောင် လူမှုကွန်ရက်မှာ ရေးသားတာ၊ ဟောပြောတာ၊ သံချပ်တိုက်တာ စတဲ့ ဒီလိုဖြစ်ရပ်တွေကြောင့် လက်ရှိအစိုးရအနေနဲ့ ဆက်သွယ်ရေးဥပဒေ၊ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေကို ပြုပြင်ဖို့လိုအပ်နေသလို လက်ရှိနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း AAPP အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ပြောဆိုခဲ့သလို လက်ရှိ NLD အစိုးရထက်ထက်မှာလည်း နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက်မရှိကြောင်း ပြောဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က NLD အစိုးရလက်ထက် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စတဲ့ ဝေါဟာရတွေအတွက် အဓိပ္ပါယ်သတ်မှတ်ပေးဖို့ ရှိ၊ မရှိ လွှတ်တော်မှာ မေးမြန်းခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေမှာ ဖော်ပြပါရှိခြင်းမရှိတာကြောင့် အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုပေးရန် မရှိဘူးလို့ ဖြေကြားထားပါတယ်။

၂၀၁၉ ဧပြီလ ၂၂ ရက်နေ့ကလည်း အကျဉ်းစီးဌာနက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားဆိုပြီး သတ်မှတ်ထားတဲ့ အကျဉ်းသူ၊ အကျဉ်းသား မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းဒသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အများစုဟာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရလက်ထက် ၅ နှစ်သက်တမ်းမှာ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်နိုင်ခဲ့ခြင်းမရှိသလို နောက်ထပ် ၅ နှစ်အစိုးရသက်တမ်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လိုလားနေတဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်နိုင်ဖို့ ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။