နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတ ထုတ်ပြန်
2013.12.30
မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမရှိစေရဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ကတိပြုခဲ့တဲ့အတိုင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကြေညာချက်အရ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ၊ လက်ရှိ အမှုရင်ဆိုင်နေရဆဲသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ ဥပဒေ ပုဒ်မ (၆ )မျိုးနဲ့ အကျဉ်းကျခံနေရသူကို ပြန်လွှတ်ဖို့၊ အဲဒီ ပုဒ်မတွေနဲ့ တရားရုံးတွေမှာ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားရင်ဆိုင်နေရသူ တွေကို ချက်ခြင်းလွှတ်ဖို့၊ စုံစမ်းအရေးယူဆဲ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ဖို့ အမိန့်ထုတ်ပြန်လိုက် တာပါ။
အဲဒီ ဥပဒေ ပုဒ်မ (၆) မျိုးမှာ မတရားအသင်း အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော် အကြည်ညိုပျက် အောင်ပြုလုပ်မှု၊ ပုဒ်မ (၅)၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွေ ပါဝင်ပါတယ်။
အခုလို သမ္မတဦးသိန်းစိန် ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကြိုဆို လိုက်ပါတယ်။
" ကျွန်တော်ကြိုဆိုတယ်ခင်ဗျ၊ ကျွန်တော် သဘောထားကတော့ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်သည် အင်မတန် ရှင်းလင်းပြတ်သားတယ်၊ ဘာရှင်းလင်းပြတ်သားလည်းဆို လူရွေးပြီးလွှတ်တာမဟုတ်ဘူး၊ ပုဒ်မတွေကို အဓိကညွှန်းပြီးတော့ အဲ့ပုဒ်မနဲ့ အရေးယူထားတဲ့သူ အကုန်လုံးလွှတ်စေဆိုပြီး အမိန့်ပေးလိုက်တဲ့ အတွက် ဒီဟာကို သေသေချာချာ လေးလေးနက်နက် ထောက်ခံပြီးကြိုဆိုတယ်၊ ဒီဟာမျိုးကမှ နိုင်ငံရေးသမားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့်လို့ခေါ်ပါတယ်"
ဒါပေမဲ့ နိုင်ငံရေး နဲ့ ပတ်သက်ပေမဲ့ တခြားဥပဒေ ပုဒ်မတွေ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူတွေ အတွက် စဉ်းစားစရာရှိနေကြောင်းလည်း ဦးကိုနီက ထောက်ပြပါတယ်။
" ဒီပုံစံအတိုင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသား မကျန်သလောက်ဖြစ်သွားမယ်၊ သို့သော် ပြောစရာတစ်ခုရှိတာက အဲ့ဒီပုဒ်မ ၆ ခုမဟုတ်ပဲနဲ့ နိုင်ငံရေးသမားတွေကို အခြားပုဒ်မတွေနဲ့ အပြစ်ပေးထားတယ်ဆိုရင်တော့ အဲ့လူတွေကတော့ ပါအုံးမှာမဟုတ်သေးဘူး၊ အခုဟာက ကျွန်တော်တို့က ပုဒ်မကိုပဲ ကြည့်ပြောလိုက်တာကို ၆ မျိုးပါတယ်၊ အဲ့ ၆ မျိုးကတော့မှန်တယ် အဲ့ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ ကြီးပဲ၊ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ပုဒ်မတွေကြီးပဲ မဟုတ်ပဲ၊ အခြားပုဒ်မနဲ့ အပြစ်ပေးထားတဲ့ လူမျိုးကလွဲရင်တော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်မယ်လို့တော့ အဲ့လိုပြောလို့ရပါတယ်"
အခု ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ပိုင်း ကျူးလွန်တဲ့ ဥပဒေ ပုဒ်မ (၆ )မျိုးပါ ပြစ်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စုရေးရာကိစ္စရပ်တွေ လေ့လာဖို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။