ကိုအောင်ကြီးကို လွှတ်ပေးတာ စောတယ်လို့ ရဲတပ်ဖွဲ့ပြော
2019.12.19

နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုမှာ သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးလိုက်တာဟာ စောလွန်းတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
လူအများ စိတ်ဝင်စားတဲ့ Victoria အမှုမှာ မုဒိမ်းမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးကို အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း မရှိတဲ့အတွက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက မနေ့က တရားရှင် လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့ နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျင်းပတဲ့ Victoria အမှုနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရဲဇာနည် ဖေ့ဘွတ်စ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး သတင်းမီဒီယာတွေ အပါအဝင် ဒီအမှုကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေသူတွေကိုယ်တိုင် မဖော်ပြခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်နဲ့ ကလေးမိဘတွေရဲ့ အမည်တွေကို ဦးဆောင်ရှင်းလင်းသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကို ဝေဖန်နေချိန်မှာပဲ အခုလိုလုပ်ရပ် ကြောင့် ပိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ တရားရုံးမှာ အရေးကြီးတဲ့ သက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ကျန်နေသေးတဲ့အတွက် အဲဒါတွေအားလုံး ပြီးဆုံးမှသာ စွဲချက်တင်သင့်၊ မတင်သင့်ကို တရားရုံးက ဆုံးဖြတ်သင့်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တရားရုံးမှာ နောက်ထပ် စစ်ဆေးဖို့ ကျန်နေတဲ့ အထဲမှာ သက်ရှိသက်သေ ခုနှစ်ဦးနဲ့ သက်မဲ့သက်သေတွေထဲမှာ ကိုအောင်ကြီးရဲ့ ဘောင်းဘီမှာတွေ့ရှိခဲ့တဲ့ သုတ်ပိုးနဲ့ Victoria ကလေးငယ်ရဲ့ ဘောင်းဘီမှာတွေ့ရှိခဲ့တဲ့ သုတ်ပိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။
မှုခင်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် စိုးနိုင်ဦးက အရေးကြီးတဲ့ လူသက်သေ၊ သက်မဲ့ပစ္စည်းသက်သေတွေ အားလုံးကို မစစ်ဆေးရသေးဘဲ တရားရှင် လွှတ်ပေးလိုက်တာ စောလွန်းတယ်လို့ ဝေဖန်ပါတယ်။
မနေ့က ဒက္ခိဏခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရားရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးက အံ့သြသွားတယ်လို့ ဆိုပါတယ်။
သံသယတရားခံ ကိုအောင်ကြီးကို အကြောင်းမဲ့ သက်သက် စွဲချက်တင်တာမဟုတ်ပဲ Victoria ကလေးငယ် တက်ရောက်တဲ့ ကျောင်းထဲကို ဘယ်သူ ဝင်ထွက်သွားလာလဲဆိုတာ စစ်ဆးပြီးမှ ဆောင်ရွက်တာလို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန်က ဆိုပါတယ်။
အဲဒီနေ့က ကျောင်းကို ကိုကိုနဲ့ ညီညီတို့ မလာဘူးဆိုတာ တရားရုံးမှာ Wisdom Hill မူကြိုကျောင်းက ဆရာမ တွေက သက်သေထွက်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန်က တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဥပဒေအညီ ရဲတပ်ဖွဲ့က ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ရာဇဝတ်ကျင့်ထုံး ၂၅၃ (၂) က အရ တရားလိုပြ သက်သေ မကုန်သေးချိန်၊ အရေးကြီး သက်သေတွေ စစ်ပြီးတဲ့ အခါမှာ သက်သေထွက်ချက် မပေါ်ကြောင်းယူဆရင် တရားသူကြီးက တရားရှင် လွတ်ပေးလို့ ရတယ်လို့ အောင်ကြီးရဲ့ ရှေနေ့ တစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က မနေ့က ပြောခဲ့တာရှိပါတယ်။
အရေးကြီးတဲ့ သက်သေတစ်ဦးဖြစ်သူ ဆရာမ နှင်းနုလွင်ကို တရားခွင်မှာ စစ်ဆေးစဉ် ကိုအောင်ကြီး မဖြစ်နိုင်ကြောင်း ထွက်ဆိုခဲ့ပြီး သက်သေ ၂၆ ယောက်မှာ ၁၉ ယောက်စစ်ဆေးပြီး ပေမယ့် ကိုအောင်ကြီး ကျူးလွန်ကြောင်း အထောက်အထား မပေါ်ပေါက်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) နဲ့ တရားရှင် လွှတ်ပေးလိုက်တာပါ။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားလို ဘက်မှာလည်း တခြားသူတွေ မသိနိုင်သေးတဲ့ နောက်ကွယ်က အကြောင်းအရာတွေ ရှိနိုင်တယ်၊ Wisdom Hill မူကြိုကျောင်းဘက်မှာလည်း အရေးပါ အရာရောက်တဲ့သူတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေလည်း ဆိုရှယ်မီဒီယာ အွန်လိုင်းတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။
မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ မှုခင်းညွှန်ကြားရေးမှူး၊ ရဲမှူးကြီး မင်းဟန် အမှုမှန်ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့က ရိုးရိုးသားသားနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ဘယ်လိုဖိအားမျိုးမှ မရှိဘူးလို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
Victoria လေးရဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူမှာ တွေ့ရှိခဲ့တဲ့ သုတ်ပိုးပါရှိတဲ့ မှန်ပြားကို ထိုင်းနိုင်ငံက ဆေးရုံတစ်ခုကို ပို့ပြီး DNA ပြန်လည် စစ်ဆေးနိုင်ဖို့ တရားရုံးကို လျှောက်ထားခဲ့တာရှိပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး အပါအဝင်၊ ကိုအောင်ကြီးနဲ့ တခြားသူတွေရဲ့ DNA ကိုပါ စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
တရားရုံးအမိန့်နဲ့ ပြန်လွတ်လာတဲ့ ကိုအောင်ကြီးက ပြန်လွတ်လာတာကို ဝမ်းမြောက်နေပြီး ဒီလို အောက်တန်း ကျတဲ့ အမှုတွေအတွက် တရားခံ အစစ်အမှန်ကိုသာ ဖမ်းဆီးစေလိုတယ်လို့ မနေ့က သတင်းထောက်ကို ပြောခဲ့ပါတယ်။
Victoria လေးရဲ့ မိခင်ဖြစ်သူ မူလက ရဲစခန်းမှာ လာရောက်အမှုဖွင့် တိုင်ကြားစဉ်က ကိုကို လုပ်တာလို့ပဲ တစ်ဦးထဲကို ရည်ညွှန်းပြောခဲ့တာဖြစ်ပြီး နောက် ၃ ရက် အကြာမှ ကိုကို နှစ်ဦး လုပ်တာလို့ ပြန်ပြင်ချင်ကြောင်း ရဲစခန်းကို လာရောက် ပြောဆိုခဲ့တယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Wisdom Hill မူကြိုကျောင်းက အပ်နှံတဲ့ CCTV မှတ်တမ်းဖိုင်မှာ မှတ်တမ်းဖိုင် တချို့ ပျက်နေတာတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ CCTV မှတ်တမ်းရဲ့ သဘောသဘာဝအရ မရပ်ပဲ ဆက်တိုက်ဆက်ပြီး ရိုက်ကူး မှတ်တမ်းတင်ထားရင် နောက်က ရိုက်ထားတဲ့ဟာတွေ ပျက်သွားတယ်လို့ ဆိုပါတယ်။
ကျောင်းဘက်က CCTV မှတ်တမ်း တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ပစ်တာလား ဆိုတာကတော့ သတင်းထောက် တချို့ရဲ့ ယူဆချက်သာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့တော့ ရဲလုပ်ငန်း အတိုင်းသာ စစ်ဆေး ဆောင်ရွက်ရတာလို့ ရဲမှူးချုပ် စိုးနိုင်ဦး ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပေါ် ပြည်သူတွေက အထင်လွဲတာ၊ အားမလို အားမရ ဖြစ်နေတာ တွေကို သိကြောင်းနဲ့ အမှုကို ကြိုစားပြီး တည်ဆောက်ထားကြောင်း သူက ဆက်ပြောခဲ့ပါတယ်။