ချောင်းပစ်ခံရတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
2018.12.23

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်မှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အမျိုးအမည်မသိ လက်နက်ကိုင်တွေက ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးတဲ့နောက်၊ နယ်ခြားစောင့်ရဲတပ်သားတစ်ဦး ပျောက်ဆုံးနေခဲ့ရာက နှစ်ရက်အကြာ အဲဒီရဲတပ်သားရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပစ်ခတ်သူတွေ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘဲ မြန်မာနိုင်ငံဘက်က ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောင်ကျော်သက် အမည်ရှိ အဲဒီရဲတပ်သားရဲ့အလောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာတွေ့ရှိတာဖြစ်ပြီး အလောင်းရဲ့အောက်က လက်လုပ်မိုင်းခလုတ် ၁ ခု၊ နေရာယူ ပစ်ခတ်ဖို့ တူးထားတဲ့ ပစ်ကျင်းတွေနဲ့ ကျည်ခွံ ၁၇ တောင့် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ ရဲတပ်သားရဲ့ရုပ်အလောင်းကို မြန်မာဘက် ပြန်သယ်ခဲ့ပြီး မြေမြှုပ် သြင်္ဂိုဟ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့အတူ ရဲတပ်သား နှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရသိရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကတော့ စီစစ်နေဆဲဖြစ်ကြောင်း RFA ကို ပြောပါတယ်။
အဲဒီအခင်းဖြစ်တဲ့နေ့မှာပဲ အဲဒီမြို့နယ်အတွင်း ငါးရှာနေတဲ့ မရမာကြီး တိုင်းရင်းသားနှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောင်ပိုင်းမှာ သူတို့ရဲ့အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။
လူမျိုးရေး ဘာသာရေး တင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့တွေ၊ လက်နက်အင်အား ပိုမိုအားကောင်းတဲ့ AA ရခိုင်တပ်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ရဲတပ်သား သေဆုံးမှုနဲ့ပတ်သက်လို့ RFA က AA ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီနယ်စပ်မှာ သူတို့တပ်ဖွဲ့ဝင်တွေ မရှိကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံအရှေ့မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၄ လကြာ အပစ်အခတ်ရပ်စဲမယ်လို့ တပ်မတော်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ရခိုင်ပြည်နယ် မပါဝင်ပါဘူး။
လေ့လာသူတွေကတော့ AA တပ်တွေ ရခိုင်ပြည်နယ်ထဲမှာ ခြေကုတ်ရသွားမှာ စိုးရိမ်တဲ့အတွက် ရခိုင်ပြည်ကို မထည့်သွင်းတာလို့ ပြောဆိုပါတယ်။ ဒါ့ပြင် ARSA အာဆာအကြမ်းဖက်အဖွဲ့ စိမ့်ဝင်လာမှာလည်း စိုးရိမ်ရတယ်လို့ဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။