ထွေ/အုပ် အပါအဝင် ဦးစီးဌာန ၅ ခု ပြည်ထဲရေးလက်အောက်မှာပဲ ထားမည်


2016.09.27
police-620.jpg နေပြည်တော်မှာ မေလ ၁၂ ရက်နေ့ကကျင်းပတဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မူခင်းကျဆင်းရေး ရက် ၁ဝဝ စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှာ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စတဲ့ ဦးစီးဌာန ၅ ခုကို တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်ကို ထားရှိဖို့ ညွှန်ကြားချက်ကို ပြင်ဆင် လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးက တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ညီအောင် ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုနဲ့ ဆောင်ရွက်ရမယ် ဆိုတဲ့စာသားကို ဝန်ကြီးချုပ်တွေရဲ့ ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပြင်ဆင်လိုက်တာဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမောင်မောင်မြင့်က ပြောပါတယ်။

"စာသားပြင်ဆင်လိုက်တာပါ၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၅၆ နှင့် ၂၆၀ အရလည်းကောင်း တည်ဆဲဥပဒေများအရလည်းကောင်း ကြီးကြပ်ခြင်း၊ စစ်ေဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ပါသည်ဟု ပြင်ဆင်ဖော်ပြအပ်ပါသည်။ အဲ့ဒါပါပဲ ပထမစာသားမှာ သူတို့က အဓိပ္ပါယ် အမျိုးမျိုး ဖွင့်နေလို့ အခုဒီဟာကိုပြန်ထုတ်ပေးတာ" လို့ ဦးမောင်မောင်မြင့် က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ကို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက ကွပ်ကဲပြီး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာနတွေရဲ့အောက်မှာ သင့်တော်သလို ထည့်သွင်းဖွဲ့စည်းဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်ခွင့်ရှိတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။