ရွှေဘိုမှာ ရဲသုံးယောက်စီးလာတဲ့ကား တံတားကိုဝင်တိုက် တစ်ဦးပွဲချင်းပြီးသေဆုံး
2021.07.22

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက်မှာ ဇူလိုင်လ ၂၂ ရက် ဒီနေ့ညနေက အဝေးပြေးကားကြီးကွင်းအနီးမှာရှိတဲ့ ချောင်းကူးတံတားကို ရဲတပ်ဖွဲ့ဝင် သုံးယောက်စီးလာတဲ့ကားက ဝင်တိုက်တာကြောင့် ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်တို့ ရွှေ့ဘိုမြို့ခံတွေက ပြောပါတယ်။
အခုလို ယာဉ်မတော်တဆဖြစ်တာကြောင့် တံတားလက်ရန်းများလည်း ပျက်စီးသွားသလို ရဲတစ်ယောက် ကလည်း ချောင်းထဲပြုတ်ကျပြီး ပျောက်ဆုံးနေတယ်လို့ ရွှေကိုကားကြီးကွင်းအနီးမှာနေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တံတားကို ဝင်တိုက်တာ တစ်ယောက်တော့ ချက်ချင်းသေတယ်။ ကျန်တဲ့တစ်ယောက်က မူး(ချောင်း)ထဲ ထိုးကျသွားတာ အခုထိရှာမတွေ့ဘူး။ ကားကလည်း စုတ်ပြတ်သွားတယ်။ နောက်ဆုံးတစ်ယောက် ကလည်း ကတုန်ကရင်ဖြစ်နေပြီ။”
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားတာတွေ့ရပြီး ရေထဲပြုတ်ကျ ပျောက်ဆုံးနေတဲ့ ရဲတစ်ယောက်ကိုလည်း လိုက်လံရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
အဲဒီတံတားဟာ အရင်က အနည်းငယ်ကျဉ်းမြောင်းတာကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လက်ထက်မှာ ယာဉ်နှစ်စီးရှောင်လို့ရအောင် ချဲ့ထွင်ပြီး ပြုပြင်ထားတဲ့ တံတားဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။