ပဲခူးမှာ ဆန္ဒပြလယ်သမားများ ဖမ်းဆီးခံရ
2013.08.31
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ပဲခူးမြို့မှာ ဒီနေ့မနက် ၁ဝ နာရီကျော်က ဆန္ဒပြခဲ့ကြတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့ လယ်သမား ၆ ယောက်ကို ပဲခူးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅ဝ၅ (ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ ပဲခူးထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
ပဲခူးမြို့တဝိုက်မှာ လယ်မြေတွေအသိမ်းခံထားရတဲ့ လယ်သမားအယောက် ၂ဝ ေလာက်ဟာ ပဲခူးမြို့ သီရိရတနာခန်းမရှေ့ကနေ သနပ်ပင်လမ်းမအတိုင်း ချီတက်ပြီး လယ်ယာမြေတွေ ပြန်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ လယ်သမားတွေက စီမံကိန်းအတွက် သိမ်းထားတဲ့မြေနေရာတွေကို အတိအကျသတ်မှတ်ပြီး၊ သိမ်းလိုက်တဲ့လယ်တွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၁၉၉၅ ခုနှစ်နောက်ပိုင်းကစပြီး ပဲခူးတက္ကသိုလ် တိုးချဲ့စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းနဲ့ မြို့ပြစီမံကိန်းအတွက်ဆိုပြီး လယ်သမား ၅ဝဝ ကျော်ရဲ့ လယ်ယာမြေတွေကို ဧကသောင်းနဲ့ချီပြီး လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ ဒီနေ့ဆန္ဒပြကြတဲ့ လယ်သမားတွေက ပြောပါတယ်။
ဒီနေ့ဆန္ဒပြဖို့အတွက် သြဂုတ်လ ၁၃ ရက်နဲ့ ၁၈ ရက်နေ့က သက်ဆိုင်ရာမှာ ခွင့်ပြုချက်တင်ခဲ့ပေမယ့် ငြင်းပယ်ခံရတာကြောင့် ဒီနေ့မှာတော့ ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။