မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေ
2021.04.22

မန္တလေးမြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ လမ်းသွားလမ်းလာတွေကို တားပြီး ဖုန်းနဲ့ ဆိုင်ကယ်အတွင်းပိုင်းတွေ စစ်ဆေးတာကို နေရာ တော်တော်များများမှာ ပြုလုပ်နေပါတယ်။
တုတ်၊ ဓား၊ လက်နက် ပါ၊ မပါ စစ်တယ်။ ဖုန်းတောင်းပြီး ဖုန်းထဲက ဓာတ်ပုံ၊ ဖေ့စ်ဘွတ်၊ မတ်ဆင်ဂျာ တွေကို စစ်တယ်။ အင်အား သုံးဆယ်လောက်ရှိမယ်လို့ ၄၁ လမ်း ၆၉ လမ်း အနီးမှာ ဒီကနေ့ မနက် စစ်ဆေးခံရသူ တစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာအတွင်းက ကာရံထားတဲ့ သံတံတိုင်းတွေ ကိုလည်း ဒီကနေ့မနက်က လာရောက်ရှင်းလင်းခဲ့ပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတာတွေ ပြုလုပ်လို့မရအောင် စစ်ကောင်စီတပ်က လိုက်လံ ဖြိုခွင်း နေပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အဖွဲ့အစည်းအသီးသီးက ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြပါတယ်။