ကိုဖြိုးဝေအောင်အမှု တရားစီရင်ရေး လွဲမှားနေကြောင်း AHRC ဝေဖန်
2012.05.06

ကိုဖြိုးဝေအောင်အမှုမှာ တရားမဝင်ဖမ်းဆီးမှု၊ မမှန်မကန် သက်သေအထောက်အထား ရယူမှုတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ် စီရင်နိုင်ဖို့ ဒီကနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းရတာ ဖြစ်တဲ့အကြောင်း အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်။
" ဥပဒေနဲ့အညီ လုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တွေ မရှိဘူးဆိုတာကို ကျွန်တော်တို့ အချက်အလက် တော်တော်များများ တွေ့ရတယ်။ ဥပမာ ဖမ်းဆီးစစ်ဆေးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ သက်သေထွက်ချက်တွေ မတရား ရယူတာ၊ မတရားဝန်ခံခိုင်းတာ၊ အမှုစစ်ဆေး စီရင်ခြင်းမပြုသေးမီမှာလည်း ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲမှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောမျိုးအနေနဲ့ ထုတ်ဖော်ပြောဆိုတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့တခါ သက်သေအဖြစ် သတင်းစာတွေမှာ ထုတ်ဖော်တင်ပြထားတဲ့ အချက်အလက်တွေနဲ့ အမှုစစ်ဆေးတဲ့အခါမှာ သက်သေတွေရဲ့ထွက်ဆိုချက်တွေ ကွဲလွှဲနေတာ အများကြီး ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကိုလည်း တရားရုံးကနေပြီးတော့ အမှုမှာ သက်သေခံ အဖြစ် တင်သွင်းခဲ့တာ ကျွန်တော်တို့ တွေ့ရတယ် "
ဒီကနေ့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာနဲ့အညီ တရားစီရင်ရေး မဏ္ဌိုင်ကိုလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ယခင်စစ်အစိုးရ လက်ထက်ကလို အာဏာပိုင်တွေ လက်အောက်က တရားစီရင်ရေးမှုမဟုတ်ဘဲ လွတ်လပ်တရားမျှတဲ့ တရားစီရင်ရေးမျိုးဖြစ်အောင် တရားသူကြီးတွေ အနေနဲ့လည်း သတိထား ဆောင်ရွက်သင့်တယ်လို့ အာရှလူ့အခွင့်ရေး ကော်မရှင်က ပြောဆိုထားပါတယ်။
မှန်ကန်တဲ့ တရားစီရင်ရေးသာဖြစ်ခဲ့ရင် ကိုဖြိုးဝေအောင်ဟာ ကွင်းလုံးကျွတ် လွတ်ဖို့ ရှိကြောင်းနဲ့၊ ကိုဖြိုးဝေအောင်ရဲ့ လက်ရှိကျန်းမာရေးဟာ အတော်လေးဆိုးဝါးနေကြောင်း ဇနီးဖြစ်သူ မဌေးဌေးက အာအက်ဖ်အေကို အခုလို ပြောဆိုခဲ့ပါတယ်။
" ကျန်းမာရေးကတော့ လုံးဝမကောင်းဘူး။ သူက အသည်းရောဂါ ဖြစ်နေတယ်။ အထူးကု ကုမှ ရတော့မဲ့ အချိန်မှာ သူ့ကို အထူးကုခေါ်ပြီး ကုပေးခြင်းလည်း မရှိဘူး။ ဒီအကိုက်အခဲ ပျောက်ဆေးတွေတိုက်တာ များလွန်းတဲ့အတွက် သူအစာအိမ်ရောင်ပြီး ဆေးရုံ ၅ ရက် တက်ရတယ်ရှင့်။ တခါ အခု ၃၀ ရက်နေ့ ညပိုင်းတုန်းကလည်း အဲဒီလို မခံမရပ်နိုင် တအားအောင့်ပြီးတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်။ အခုလက်ရှိလည်း ဆေးရုံပေါ်မှာပဲ"
ကိုဖြိုးဝေအောင်ကို ၂၀၁၀ သြင်္ကန်မှာ ရန်ကုန်က H2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။