သြင်္ကန်မဏ္ဍပ် ဗုံးကွဲမှု ဓာတ်ပုံရိုက်သူကို မိသားစုအသိမပေးပဲ ထောင်ပြောင်း
2011.02.22
“၃ နာရီက လာခေါ်သွားတာလို့ ပြောတယ်ရှင့်။ သူ့သားနဲ့ တူတူ ထားထားတာလေ၊ ခုဟာက။ အဲဒါကနေ ည ၃ နာရီကျ လာခေါ်သွားတယ်တဲ့။ အခု သူက ရုံးထွက်လာတော့ အမေတဲ့ ပြောင်းသွားတယ်တဲ့။ ဘယ်ဆိုလဲဆိုတာတော့ မသိဘူးတဲ့။”
ဦးမောင်မောင်ဇေယျကို ဘယ်ထောင်ကို ပြောင်းရွှေ့လိုက်သလဲဆိုတာ သိရှိနိုင်ဖို့ ထောင်အာဏာပိုင်တွေက တဆင့် ဆက်လက် စုံစမ်းသွားမယ်လို့ မိသားစုက ပြောပါတယ်။ ဦးမောင်မောင်ဇေယျဟာ အသည်းနဲ့ နှလုံးရောဂါ ခံစားနေရသူ ဖြစ်တာကြောင့် အထူး စိုးရိမ်ပူပန်နေတယ်လို့လည်း ဇနီးဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။
“ကျန်းမာရေးက သူက အစကတည်းက အသည်းလည်း သိပ်တော့ မကောင်းဘူးလေ။ သွေးဖောက်နေတာလေ။ နှလုံးလည်း အားတော့ နည်းတယ်ရှင့်။ စိတ်ပူတာပေါ့နော်။ အစတုန်းကတော့ ဒီမှာဆိုတော့ ကျွန်မက သွားတွေ့လို့ရတော့ တွေ့နေတယ်ပေါ့။ အရမ်းလည်း ဝေးသွားတဲ့အခါကျတော့ တခုခု ဖြစ်တယ်ဆိုရင် မသိဘူးပေါ့နော်၊ သိဖို့မလွယ်ဘူး ဖြစ်နေတာပေါ့။”
ကွယ်လွန်သူ စာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးဖြစ်သူ ဦးမောင်မောင်ဇေယျနဲ့ ကိုစည်သူဇေယျတို့ဟာ မနှစ်က ဧပြီလအတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖမ်းဆီးခံခဲ့ရပြီး၊ ဦးမောင်မောင်ဇေယျကို ထောင် ၁၃ နှစ်၊ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ချမှတ်ထားပါတယ်။ ကိုစည်သူဇေယျအပေါ် နောက်ထပ် စွဲဆိုထားတဲ့အမှုတခုကို အာဏာပိုင်တွေက ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။