ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် သိန္နီ-ကွမ်းလုံ လမ်းပိုင်းက နားတီးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၈ ရက်နေ့က ကိုးကန့်တပ် (MNDAA) ရဲ့ လက်နက်သယ်ယာဉ်တစ်စီး ပေါက်ကွဲပြီး လူငါးဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ သိန္နီ ဒီဘက်ကို သယ်လာရင်းနဲ့ လမ်းမှာဖြစ်သွားတာ။ ဂိတ်လည်းရှိတယ်။ ဈေးဆိုင်တွေလည်းရှိတော့ ထိခိုက်တဲ့သူတွေလည်း ရှိတယ်။ အရပ်သား နှစ်ယောက်သေတာ အတည်ပြုလို့ရတယ်။ တစ်ယောက်က သိန္နီက ကောင်လေး။ ကျန်တဲ့ သုံးဦးကတော့ ဘယ်ကလဲဆိုတာ တည်ပြုလို့မရသေးဘူး။ MNDAA စစ်သားတွေလည်း သေတဲ့အထဲ ပါတယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် သိန္နီမြို့ခံတစ်ဦးကလည်း နားတီးရွာအနီးက ဗျူဟာကုန်းက စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်တယ်လို့ RFA ကို ပြောပါတယ်။
ရှမ်းပြည်ဒေသအခြေစိုက် Wa News Land မီဒီယာမှာတော့ MNDAA လက်နက်တင် ကားပေါက်ကွဲမှုအတွင်း အရပ်သားနှစ်ဦးအပြင် MNDAA တပ်ဖွဲ့ဝင် သုံးဦးသေဆုံးတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ဘက်က သတင်းထုတ်ပြန်တာမရှိသလို သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင် ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီ၊ လားရှိုး၊ ကွမ်းလုံ အပါအဝင် မြို့ပေါင်း ကိုးမြို့ကို MNDAA က သိမ်းပိုက်ထားပါတယ်။