မိုဘိုင်းဖုန်းသုံးသူတွေ အချက်အလက် မှတ်ပုံတင်ကြရမည်
2016.08.02

မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၁၇ မတ်လ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ ဖုန်းအော်ပရေ တာတွေဆီမှာ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖုန်းအော်ပရေတာတွေကို စရောင်းစဉ်ကတည်းက မှတ်ပုံတင်ပြီးမှ ရောင်းချဖို့ ပြောထားပေမယ့် လိုက်နာမှု မရှိကြတာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။
"ကျနော်တို့နိုင်ငံမှာလည်း MPT ခေတ်ကတည်းက စလျှောက်ကတည်းက ကိုယ်ရေးအချက်အလက်တွေ အကုန်ပေးရပါတယ်။ ဖုန်းအော်ပရေတာတွေကိုလည်း ဒီမှတ်ပုံတင်ဖို့ကို ညွှန်ကြားပြီးထားပါ၊ ဒါပေမဲ တချို့တွေကလုပ်တာရှိတယ်၊ တချို့က သူတို့ မှတ်ပုံတင်မလုပ်ဘဲနဲ့ ရောင်းနေတာတွေရှိပါတယ်၊ ပြည်သူ လူထုလည်းသိအောင် အော်ပရေတာတွေလည်း ဒီဟာလုပ်အောင် ဒီသြဂုတ်လမှာ လိုက်နာဆောင်ရွက်ဖို့ ထုတ်တာပါ၊ ရောင်းပြီးမှတ်ပုံတင်ပြီးမှ စသုံးဖို့အတွက်လည်း သူတို့ကိုပြောထားပါတယ်"
သုံးစွဲသူတွေအနေနဲ့ မှတ်ပုံတင် ပြုလုပ်မယ်ဆိုရင် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ဒါမှမဟုတ် ကျောင်း သားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားဖြစ်ပါက Passport No၊ စတဲ့ ကတ်ပြားမိတ္တူတွေ၊ အဘအမည် ၊ မွေးသက္ကရာဇ်၊ လူမျိုး၊ နဲ့ နေရပ်လိပ်စာ စတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။
SIM Card ပျက်စီး၊ ပျောက်ဆုံးမှုတွေဖြစ်ရင် အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ဖို့အတွက် အခုလိုဆောင်ရွက်တာ လို့လည်း ဦးမျိုးဆွေက ပြောပါတယ်။
လက်ရှိသုံးစွဲနေတဲ့ သက်ဆိုင်ရာဖုန်းအော်ပရေတာတွေအနေနဲ့ Sim Card မှတ်ပုံတင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ထုတ်ပြန်ရမှာဖြစ်ပြီး အဲဒီနည်းလမ်းတွေအတိုင်း သုံးစွဲသူတွေက ၂၀၁၇ မတ်လ ၃၁ ရက်နေ့မတိုင်မီ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ရက်အတွင်း မှတ်ပုံတင်မပြုလုပ်ထားဘူးဆိုရင် Sim Card တွေကို ယာယီပိတ်ပင်သွားမှာ ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။