ဖုန်းဘေလ်ဖြတ်တောက်မှု ကျေနပ်မှုမရှိက တိုင်ကြားနိုင်


2017.11.25
phone-user-622 ဖုန်းအသုံးပြုနေသူတချို့ကို တွေ့ရစဉ်
Photo: RFA

တယ်လီဖုန်းဘေလ် ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဘေလ်စာရင်းကို သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေ ဆီကနေ တောင်းခံနိုင်သလို ကျေနပ်မှုမရှိရင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံ တိုင်ကြားနိုင်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

တိုင်ကြားနိုင်တယ်ဆိုတာကို ပြည်သူတွေ သိပ်မသိတာကြောင့် ထုတ်ပြန်တာဖြစ်ပြီး အော်ပရေတာတွေဖက်ကို လည်း ရှင်းရှင်းလင်းလင်း ကြေညာဖို့ ညွှန်ကြားထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

"အရင်တုန်းကတော့ မရှိဘူး၊ မနေ့တုန်းကတော့ တစ်ယောက်လောက်တော့ တက်လာတာပေါ့လေ၊ အဓိကကတော့ plan တွေကို နားမလည်လို့ ဖြစ်တာတွေလည်းပါတာပေါ့လေ၊ မနေ့ကတော့ အဲလို သဘောမျိုးပေါ့၊ အဲဒါမျိုးနဲ့ပတ်သက်ပြီးတော့ တက်လာတာ တစ်ယောက်ပဲရှိသေးပါတယ်၊ အော်ပရေ တာတွေအနေနဲ့ ရှင်းရှင်းလင်းလင်း သုံးစွဲသူသိအောင်လည်း ကြေညာခိုင်းတယ်၊ ဘေလ်အဲလိုမျိုး complain တက်လာရင်လည်း သေချာဖြေရှင်းပေးဖို့လည်း ပြောထားပြီးသား၊ ပြည်သူလူထုက အဲလိုမျိုးရှင်းတာမှ မကျေနပ်ရင်လည်း ဆက်သွယ် ညွှန်ကြားမှုဆီကိုလည်း တိုင်လို့ရတယ်ဆိုတာ သိပ်မသိကြတော့ သိအောင်ဆိုပြီးတော့ ထည့်ပေးလိုက်တာ"

ဖုန်းအော်ပရေတာတွေဖက်က ဖြေရှင်းတာတွေကို ကျေနပ်မှုမရှိရင် အော်ပရေတာတွေဖက်က အကြောင်းပြန် ကြားခဲ့မှု အခြေအနေတွေနဲ့အတူ အီးမေးလ်လိပ်စာ complaint@ptd.gov.mm ကို လိပ်မူပြီး တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖုန်းဘေလ်ဖြတ်တောက်မှုတွေ တိကျမှန်ကန်ဖို့နဲ့ ရှင်းလင်းမှုရှိစေဖို့အတွက် လိုက်နာရမယ့်အချက်တွေကို ဖုန်းအော်ပရေတာတွေဆီ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်တွေ ချပေးခဲ့တုန်းကတည်းက သတ်မှတ်ထား ပြီး ဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း က '' မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းဆက်သွယ်ရေးကဏ္ဍမှာ တရားဝင်လာရောက် ရင်းနှီးမြှုပ်နှံ ဆောင် ရွက်နေတဲ့ ကုမ္ပဏီတချို့ဟာ သုံးစွဲမှုအတွက် ဖုန်းအသုံးပြုခဖြတ်တောက်တဲ့ကိစ္စတွေမှာ အမှန်တကယ် ကျသင့်တာထက် ပိုပြီးဖြတ်တောက်နေတာတွေကို သုံးစွဲသူတွေ မကြာခဏကြုံတွေ့နေရတဲ့အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက စိစစ်အရေးယူဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ/မရှိ'' သိလိုကြောင်း မေးခွန်းမေးမြန်း ခဲ့ပါတယ်။

ဖုန်းအော်ပရေတာတွေရဲ့ တယ်လီဖုန်းဘေလ် ဖြတ်တောက်မှု များတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေ မှာလည်း ဝေဖန်မှုတွေ တော်တော်ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။