နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဖိလစ်ပိုင်တောင်းဆို
2011.07.03

ဖိလစ်ပိုင်မှာ အခြေစိုက်တဲ့ သံတမန်ရေးရာ သတင်းထောက်တွေကို နေ့လယ်စာ တည်ခင်းဧည့်ခံစဉ်မှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario က အခုလို တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ ဒီကနေ့ထုတ် ဖိလစ်ပိုင် သတင်းဌာန GMA က ရေးသားထားပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အာစီယံ အဖွဲ့ကြီးကို ကတိပေးထားတဲ့အတိုင်း ဒီမိုကရေစီ အသွင်ပြောင်းရေး လုပ်ဆောင်ရာမှာ မနှစ်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာနဲ့တင် မလုံလောက်ဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်ဟာ အမြဲတမ်း ရှင်းရှင်းလင်းလင်း ရှိခဲ့ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဆောင်ရွက်ရမယ့် ခြေလှမ်းအားလုံးကို မြန်မာဘက်က လုပ်ဆောင်ဖို့ လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပတာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာနဲ့တင် မလုံလောက်ဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့လည်း လိုကြောင်း Mr. Rosario က ပြောပါတယ်။
အာစီယံက တောင်းဆိုထားတဲ့ ဒီမိုကရေစီ အသွင်ပြောင်းရေး လမ်းစဉ်အတိုင်း မြန်မာနိုင်ငံက ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့ တောင်းဆိုရေးဟာ ဖိလစ်ပိုင် တနိုင်ငံတည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ အာစီယံ အဖွဲ့ကြီးမှာလည်း တာဝန်ရှိပါတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။