ဖားကန့်မြို့နယ် သပိတ်စခန်းသုံးခု ညှိနှိုင်းဖို့အတွက် ယာယီရပ်ဆိုင်း
2016.02.15

ဖားကန့်မြို့နယ်မှာရှိတဲ့ ဆိုင်းတောင်၊ လုံးခင်းနဲ့ ဆားပေါ့ရွာတွေမှာ ပုဂ္ဂလိက ကျောက်စိမ်းတူးဖေါ်တဲ့ ကုမ္ပဏီများကို ဆန္ဒပြနေကြသူ ဒေသခံများ ဖွင့်ထားတဲ့ သပိတ်စခန်းသုံးခုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ယာယီရပ်ဆိုင်းလိုက်ပြီး အာဏာပိုင်တွေနဲ့ ၁၆ ရက်နေ့မှာ ညိုနှိုင်းမှုတွေ လုပ်မယ်လို့ သိရပါတယ်။
ဆိုင်းတောင် သပိတ်စခန်းကို မနေ့က ညနေပိုင်းက ကျောက်ကုမ္ပဏီများက ကိုယ်စလှယ်များနဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဒီကနေ့မနက် ၁၀ နာရီမှာ ဆိုင်တောင်အုပ်ချုပ်ရေးမှူးရုံးမှာ ညိုနှိုင်းဘို့ ချိန်းဆိုလိုက်တာဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ ခုလိုသပိတ်စခန်းဖွင့်ပြီး ဆန္ဒပြရခြင်းဟာ အရင်ဆန္ဒပြခဲ့ချိန်က ကုမ္ပဏီတွေက ဆောင်ရွက်ပေးပါမယ်လို့ ကတိပေးထားတာတွေကို လုပ်ဆောင်ပေးခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ ဒေသခံကိုဇော်မိုးထက်က ခုလိုပြောပါတယ်။
"ဆန္ဒဖော်ထုတ်တုန်းက သူတို့က သဘောတူညီချက်တွေရှိတယ်၊ ဘယ်ရက်ကနေ ဘယ်ရက်ထိ ဘာတွေလုပ်ပေးမယ်ဆိုတဲ့ အချက်တွေရှိတယ်ဗျ၊ အဲ့ဒီ အချက်တွေကို ကုမ္ပဏီဘက်ကရော၊ ဌာနဆိုင်ရာဘက်ကရော လိုက်လျောမှုမရှိဘူး၊ မြေစာပုံကြီးက မိုးတွင်းရောက်ရင် ဟိုတစ်ခါလိုမျိုး ရွာတစ်ရွာလုံးမြုပ်သွားတယ်၊ အဲ့ဒီမြေစာပုံက ကုမ္ပဏီ ၁၂ ခုကသွန်နေတဲ့ မြေစာပုံကြီးလေ၊ အဲ့ဒီမြေစာပုံရဲ့အောက်မှာ ရွာဟောင်းကျေးရွာရှိတာကိုး၊ အဲ့မြေစာပုံကို အမြင့်ပေလျှော့ပေးဖို့ အဓိကပြတာပေါ့နော်၊ နောက်ပြီးတော့ အဲ့ဒီမှာရှိတဲ့ တိန်ကောသွားတဲ့ချောင်းတွေကို ပြန်ဆယ်ပေးဖို့ ကတိကဝတ်တွေ လုပ်ထားတဲ့စာချုပ်ပါ"
ကျောက်တူးကုမ္ပဏီတွေက ပေးထားတဲ့ ကတိတွေကို မတည်တာကြောင့် ၁၃ရက်နေ့က ဆိုင်းတောင်မှာ လူထုအစည်းအဝေးလုပ်ပြီး ကုမ္ပဏီတွေရဲ့မြေသယ် ကားတွေ သွားရာလမ်းတွေကိုပိတ်ပြီး သပိတ်စခန်းဖွင့်ထားတာဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဆိုင်းတောင် သပိတ်စခန်းက ဒေသခံ ဦးတင်ထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။