ကုမ္ပဏီတွေနဲ့ ဆန္ဒပြသူတွေ ယာယီ သဘောတူမှု ရရှိ
2016.02.16

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ ဆန္ဒပြနေတဲ့ ဒေသခံတွေကို ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောက်မျက် တူးဖော်ရေးဌာန တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းရာ မှာ ဒေသခံတွေဘက်က ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပြီး ကုမ္ပဏီတွေက မြေစာစွန့်ပစ်တဲ့ ကားတွေ ဖြတ်သန်းသွား လာခြင်းမပြုဖို့ ယာယီသဘောတူလိုက်ကြပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်ကို ကျောက်မျက်တူးဖော်ရေးဌာနက ပြည်ထောင်စု အစိုးရထံ တင်ပြပေးမှာဖြစ်တဲ့ အတွက် ပြေလည်မှုမရမချင်း ဆန္ဒပြတာတွေ ရပ်ဆိုင်းသလို ကုမ္ပဏီတွေဘက်က မြေစာစွန့်ပစ်တာတွေ ရပ်ဆိုင်းဖို့ သဘောတူ ခဲ့ကြတာလို့ ဆိပ်မူကျေးရွာအုပ်စုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးရွှေသိန်းက ပြောပါတယ်။
"ပြည်သူဘက်က လိုချင်တာကတော့ မြေစာသွန်ကားတွေ မသွန်ဖို့ဆိုပြီးတော့ တောင်းဆိုတယ်၊ သက်ဆိုင်ရာအာဏာပိုင်ဘက်ကတော့ မြေစာတွေကိုလုံးဝစွန့်ပစ်ဖို့ ကိစ္စကို ကျနော်တို့ဘက်ကနေပြီးတော့ ဆုံးဖြတ်နိုင်တဲ့အဆင့်မရှိပါဘူးတဲ့၊ အထက်က ပြည်ထောင်စုအစိုးရကသာလျှင် သူတို့ရဲ့ဝန်ကြီးဌာနဆီကို အစီရင်ခံရမယ် ဆိုပြီးတော့ အကြောင်းကြားပါတယ်၊ ကောင်းပြီ၊ အဲ့လိုခင်ဗျားတို့ဘက်က လုပ်မယ်ဆိုရင် သဘောတူညီမှု တစ်စုံတရာမရမချင်းကတော့ မြေစာသွန်ခွင့်မပေးနိုင် ဘူးဆိုတာ ဖြစ်ပါတယ်၊ ဒီနေ့ညှိနှိုင်းမှုရဲ့ယာယီသဘောတူညီမှုအရ ဆန္ဒပြတဲ့နေရာကို ရုပ်သိမ်းလိုက်တာမှန်သော်လည်း ကုမ္ပဏီတွေမြေစာသွန်ခွင့် လုံးဝမပေး ပါဘူးဆိုပြီး ကတိကဝတ်နဲ့ နားလည်မှုယူခဲ့တာဖြစ်ပါတယ်"
ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ မြေစာစွန့်ပစ်တာတွေ မလုပ်ဖို့ အခုလ ၁၃ ရက်နေ့ကစပြီး ဖားကန့်မြို့နယ် ဆိပ်မူနဲ့ လုံးခင်းကျေးရွာအုပ်စု နှစ်ခု က ဒေသခံတွေဟာ မြေစာသယ်တဲ့ကားတွေ ဖြတ်သန်းသွား လာရာလမ်းတွေမှာ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ကျေးရွာတွေအနီးမှာ မြေစာပုံတွေကို အမြင့်ကြီးစုပုံထားတာကြောင့် ဒေသခံတွေအတွက် အသက် အန္တရာယ် စိုးရိမ်ရသလို စည်းကမ်းမဲ့ မြေစာစွန့်ပစ် မှုတွေကြောင့် ရာသီဥတုဖောက်ပြန်ပြီး မိုးရာသီမှာ ရေကြီးရေလျှံ မှုတွေဖြစ်ပေါ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မှော်ခြံရပ်ကွက်က ကျောက်စိမ်းလုပ်ကွက်၊ စိုင်းအောင်ကျေးရွာအနီး က ကျောက်စိမ်းလုပ်ကွက်နဲ့ စိုင်းနောင်ရွာဟောင်း အနီးက ကျောက်စိမ်း လုပ်ကွက်တွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်မျက်တူးဖော်ရေးဌာန၊ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက တာဝန်ရှိသူ နဲ့ ဒေသခံတွေ ဒီနေ့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီးမှာရှိတဲ့ ကန်ခမ်လုပ်ကွက် မြေစာပုံပြိုကျ တာကြောင့် လူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး မကြာခဏ မြေစာပုံပြိုကျမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။