ဖားကန့်မှာ စက်ယန္တရား အသုံးပြုမှုတွေ ထိန်းချုပ်တော့မည်


2015.11.26
pharkant-landslide-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံ ရှင်းလင်းနေတာကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တစ်ခုချင်းစီတိုင်းမှာ အသုံးပြုနေတဲ့ စက်ယန္တရားအရေအတွက်နဲ့ စက်အင်အားသုံးစွဲမှုတွေကို ထိန်းချုပ်သွားမယ်လို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်း ဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန့်သိန်းက ပြောပါတယ်။မနေ့က ဖားကန့်မြို့ စုပေါင်းရုံး ခန်းမမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ ကုမ္ပဏီတွေအပေါ် ကျောက်စိမ်းတူးဖော်ရေး ယန္တရားသုံးစွဲမှုဆိုင်ရာ ကန့်သတ်ထားချက်တွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဦးအောင်ညွှန့်သိန်းက ဖြေကြားခဲ့တာပါ။

"ကျောက်မျက်ရတနာ တူးဖော်တဲ့ဆိုတာက မြေပြင်ရဲ့အခြေအနေပေါ်မှာမူတည်ပြီး ပိုမိုပြီးတော့ စနစ်ကျတဲ့ စက်ယန္တရားတွေ နည်းပညာအဆင့်မြင်နဲ့ စက်ယန္တရားတွေ သုံးလာရတယ်ဆိုတာလည်း အခုကျနော်တို့ရဲ့ တူးဖော်နေတဲ့အချိန်မှာ မြေအောက်အနက်တွေ ပိုမိုပြီးတော့နက်လာတယ်၊ ကျနော်တို့ရဲ့ မြေစာဖြစ်တဲ့ ပုံရတဲ့နေရာတွေဟာ ပိုမိုဝေးလာတဲ့အချိန်မှာ ကျနော်တို့သုံးနေတဲ့ စက်ယန္တရားကတော့လိုအပ်ပါတယ် သို့သော် စက်ယန္တရားအရေအတွက်နဲ့ ထိန်းချုပ်ကန့်သတ်ဖို့ကိုတော့ ကျနော်တို့ ဒီကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနဲ့ တိုင်ပင်ပြီး စနစ်တကျလုပ်သွားဖို့ကိုတော့ အစီအစဉ်ရှိပါတယ်၊ ဒါတွေကို ကျနော်တို့ ဆွေးနွေး လိုပါတယ်"

အရင်အစိုးရ လက်ထက်ကတည်းက တူးဖော်ရေးယာဉ်နဲ့ စက်ယန္တရားတွေကို ခွင့်ပြုထားတာဖြစ်တဲ့အတွက် အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ပြီး လက်ရှိအသုံးပြုနေကြတဲ့ ယန္တရားတွေအားလုံးက နိုင်ငံတော်မှာ အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောပါတယ်။

ဦးလဂျွန်ငန်ဆိုင်းဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဖားကန့်မြို့နယ် ဆွတ်အောင်ရွာအနီးက ကန်ခမ်စုပေါင်းမြေစာပုံ ပြိုကျတဲ့နေရာကို နိုဝင်ဘာ ၂၄ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး မြေစာပိပြီး သေဆုံး သွားသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကြိုင်အင်တာနေရှင်နယ်၊ Ever Winner ကုမ္ပဏီနဲ့ ဝ လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့ ရာဇဌာနီ စတဲ့ ကုမ္ပဏီကြီးတွေက အများဆုံးတူးဖော်နေ တာဖြစ်ပါတယ်။

ကျောက်စိမ်းတွင်းဒေသမှာ အနယ်နယ် အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်သူ ၂ သိန်းဝန်းကျင်ရှိပြီး မြေစာပုံ ပြိုကျမှုတွေ မကြာခဏဖြစ်နေတာကြောင့် သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။