ဖားကန့်က စက်ယန္တရားကိစ္စ ဝန်ကြီးနဲ့အဖွဲ့ စစ်ဆေးမည်


2015.12.20
pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုဖို့အတွက် အကြီးစား တူးဖော်ရေး စက်ယန္တရားတွေ သယ်ယူနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးမယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း ဖားကန့်ဒေသဘက်ကို စက်ယန္တရားတွေသယ်ဆောင်နေတာဟာ တရားဝင် တင်သွင်းတာ ဟုတ်မဟုတ် စစ်ဆေးမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီး ချစ်ဦးက ပြောပါတယ်။

"ဒီဖက်မှာရှိတဲ့ ဖားကန့်ကျောက်တူးတဲ့ရာသီမှာ စက်ယန္တရားကြီးတွေ အဝင်အထွက်နဲ့ ပတ်သက် ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနဲ့ အဖွဲ့ပေါ့၊ စစ်ဆေး၊ စိစစ်တယ် ဆိုရင်တော့ တာဝန်ရှိတဲ့သူတွေခေါ်ယူ ပြီးတော့အဖွဲ့ဥက္ကဌရဲ့အစီအစဉ်နဲ့ ဆောင်ရွက် မှာဖြစ်တယ်၊ ပြည်ထဲရေးက ဗိုလ်ချုပ်အောင်စိုးပါတယ်၊ နောက်မီး ရထားဒုဝန်ကြီး ပါတယ်၊ နောက်ဒီနယ်မြေခံ တပ်က ဗိုလ်မှူးချုပ်တစ်ယောက်ပါတယ်၊ အဖွဲ့ဥက္ကဌရဲ့ အစီအစဉ် နဲ့ဆောင်ရွက်မှာဖြစ်တယ်"

အခုရက်ပိုင်းအတွင်း သတင်းဋ္ဌာနနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဘက်ကို စက်ယန္တရားကြီးတွေ တရားမဝင် သယ်ဆောင်နေ တဲ့အကြောင်း ရေးသားဖော်ပြလာကြတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်အောင် ကွင်းဆင်းဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ မြစ်ကြီးနား မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဦးဆောင်ပြီး ပြည်ထဲရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရထားပို့ဆောင်ရေး စတဲ့ ဝန်ကြီးဋ္ဌာနတွေက ဒုတိယဝန်ကြီးတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့် တပ်မတော် ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးမှာ မှတ်ပုံတင် ထားပြီးဖြစ်တဲ့ စက်ယန္တရား စုစုပေါင်း ၁၆ စီး သာရှိပြီး၊ ဖားကန့် မြို့နယ် ပါဝင်တဲ့ မိုးညှင်းခရိုင် ကညန ရုံးမှာတော့ အခုအချိန်ထိ မှတ်ပုံတင်ထားတဲ့ စက်ယန္တရားတစ်စီးမှ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စက်ယန္တရားတစ်စီးဟာ ကညန ရုံးစိုက်ရာမြို့တွေမှာ မှတ်ပုံတင်ထားရင် တစ်နိုင်ငံလုံး အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ယာဉ် နဲ့ စက်ယန္တရား အရေအတွက်ကို လောလောဆယ် အသေးစိတ်မသိရှိရသေးကြောင်း၊ စက်အင်အားသုံးစွဲမှုတွေကို ထိန်းချုပ်ဖို့ စီစဉ် နေကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးတို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က RFA ကို ပြောကြားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။