ဖားကန့်မြေပြို ၂ ဦးပျောက်ဆုံး
2016.06.24

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာက ရတနာစန်းရွှင် ကျောက်စိမ်း လုပ်ကွက်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ကျောက်ကြောကမ်းပါးပြိုကျလို့ ကျောက်တူးနေသူ ၂ ဦး ပျောက်ဆုံးနေကာ ၇ ဦး ဒဏ်ရတွေရလို့ ဖားကန့်ဆေးရုံမှာ ကုသခံယူနေရပါတယ်။
ပျောက်ဆုံးဒဏ်ရာရသူတွေဟာ သောင်းကော့ရွာနဲ့ ဆိုင်းအောင်ရွာမှာ နေထိုင်တဲ့သူတွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ သောင်းကောင့်ရွာခံ ဦးဝီလျံက ပြောပါတယ်။
"မြေပြိုကျတဲ့ဟာကတော့ ကျနော်တို့ လုပ်ကွက်ကတော့ ရတနာစန်းရွှင်အပိုင်ပေါ့နော်၊ ၇ ဦးကတော့ ဒဏ်ရာရတယ်၊ ၂ ယောက်ကတော့ ပျောက်ဆုံးပေါ့၊ ဆေးရုံမှာ ပို့ထားလိုက်တယ်၊ ဒဏ်ရာရတာတွေ ပေါင် ကျိုးတာတွေလို့ သိရတယ်ခင်ဗျ၊ မျက်ခုံးတွေဘာတွေ ပြဲတာတို့၊ ခေါင်းပြဲတာတွေတော့ ရှိတာပေါ့၊ အဲ့ဒါတွေတော့ အကုန်လုံးဖြစ်တာပေါ့၊ အမြင့်ပေကတော့ ပေ ၂ဝဝ ခန့်လောက်တော့ရှိတယ်၊ ပြိုကျတာ ၁ဝ ပေလောက်ပြိုကျတာ ထိခိုက်မိပြီးတော့ အက်ပြီးတော့ပြိုကျသွားတာ၊ ကျောက်ကြောပေါ်ကနေ တူးတဲ့ဟာကနေပြီးတော့ ပြိုကျတာပါ၊ အဲ့ဒီနံရံကနေ ပြိုကျတာပါ"
ဒဏ်ရာရသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေ အပါအဝင် လူမှုကူညီရေးအဖွဲ့တွေ က ကူညီကယ်ဆယ်ပြီး ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံးက အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ဆိပ်မူကျေးရွာအုပ်စုမှာ ဘဇံချောက်မှော်ရွာအနီး ကျောက်ကမ်းပါးပြိုကျလို့ လူ ၁၃ ယောက်သေဆုံးခဲ့သလို ဝှေခါ-မှော်သစ်ကုန်းရွာအနီးမှာလည်း ကျောက်ကြောပြိုကျလို့ လူ ၁၅ ယောက်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အခုချိန်ဟာ ကုမ္ပဏီတွေကရပ်နားထားပြီး အဲ့ဒီလုပ်ကွက်တွေထဲမှာ တစ်နိုင်တစ်ပိုင် ကျောက်တူးသမားတွေက ကျောက်တူးဖော်လို့ ကျောက်ကြော ကမ်းပါးပြိုကျပြီး ထိခိုက်သေဆုံး မှုတွေ မကြာခဏဖြစ်နေတာပါ။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကန်ခမ် စွန့်ပစ်မြေစာပုံပြိုကျလို့ လူ ၁၁၄ ယောက်သေဆုံးခဲ့ရမှုဟာ လူအများဆုံးသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။