တောင်ကမ်းပါးယံပြိုကျမှု သေဆုံးသူ ၂၂ ဦးအထိရှိ
2018.07.28

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံရွာအနီးက ဧရာရတနာ လုပ်ကွက်ဟောင်းမှာ ဇူလိုင် ၂၄ ရက်နေ့က တောင်ကမ်းပါးယံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိရှိနေပြီလို့ ဆိပ်မူအုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။
တောင်ကမ်းပါးယံပြိုကျစဉ်က ပျောက်ဆုံးကြောင်း စာရင်းပေးသူ ၂၇ ယောက်ထဲက ၂၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ ဆိပ်မူအုပ်ချုပ်ရေးရုံးက တာဝန်မှူး ဦးမောင်ငွေက ပြောပါတယ်။
"စုစုပေါင်း ၂၂ ဦးရသွားပါပြီခင်ဗျာ။ အခုလည်း အုပ်ချုပ်ရေးတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ သင်္ခါ လူမှုရေးလူမှုကူညီရေးအသင်း အားလုံး လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းပြီးတော့ စောင့်ရှာနေပါတယ်လို့"
ဒီနှစ်မိုးတွင်းမှာ မိုးရွာသွန်းမှုက ၂ဝ၁၆ နဲ့ ၂ဝ၁၇ နှစ်တွေရဲ့ မိုးရေချိန်လက်မထက် ပိုများတဲ့အချက်ကလည်း တောင်ကမ်းပါးယံတွေ ပြိုကျတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
ကမ်းပါးယံပြိုကျလို့ သေဆုံးသူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို အစိုးရက ငွေကျပ် ၃ သိန်းစီနဲ့ ကုမ္ပဏီလုပ်ငန်း ရှင်တွေက ၃ သိန်းစီ ထောက်ပံ့ထားတယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အခုနှစ် ဇန်နဝါရီလကနေစပြီး လက်ရှိအချိန်အထိ ကုမ္ပဏီ လုပ်ကွက်တွေထဲ ကျောက်စိမ်းတူးဖော်လို့ ကမ်းပါးယံပြိုကျမှု ၂၆ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ၁ဝ၇ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၆၆ ယောက်ရှိတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
ဖားကန့်မှော်နယ်မြေမှာ အခုလို မိုးတွင်းဆို ကျောက်တောင်ကမ်းပါးယံတွေပြိုကျတာနဲ့ ပွင့်လင်းရာသီချိန်တွေမှာဆို စွန့်ပစ်မြေစာပုံတွေပြိုကျလို့ လူတွေမကြာခဏ ထိခိုက်သေဆုံးနေတာပါ။
ဖားကန့်ကျောက်စိမ်းတွင်းမှော်ဒေသမှာ တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်နေကြသူ အများစုအပါအဝင် တစ်နိုင်ငံလုံးက ရွှေ့ပြောင်းလုပ်ကိုင်နေကြသူ နှစ်သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။